အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးနိုင်ဖို့အတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုက အရပ်သားတွေပါဝင်တဲ့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးအကြံပေးအဖွဲ့ကို ဖွဲ့စည်းမှာ ဖြစ်ပါတယ်။
အကြံပေးအဖွဲ့ကို ကေအိုင်အိုက အရာရှိ ၅ ဦး၊ အရပ်သား ပုဂ္ဂိုလ် ၃၁ ဦးနဲ့ ဖွဲ့စည်းသွားမယ်လို့ မြစ်ကြီးနားမြို့ အခြေစိုက် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးအင်ရှန်ဆန်းအောင်က ပြောပါတယ်။
"ကေအိုင်အိုဘက်ကတော့ ၅ ယောက် ပါမှာပေါ့၊ ကျန်တဲ့ဟာ လူထုဘက်ကတော့ ၃၁ ယောက်၊ ငြိမ်းချမ်းရေး ကို မြတ်နိုးတဲ့လူကြီးတွေ တကယ်လည်း အချိန်လည်းပေးနိုင်တယ်၊ တိုင်းပြည်ရဲ့ ကိစ္စကိုလည်း စိတ်ဝင်စားတဲ့သူ၊ ငြိမ်းချမ်းရေးကိုလည်း စိတ်ဝင်စားတဲ့သူကိုရွေးတယ်"
အကြံပေးအဖွဲ့မှာ ပါဝင်မယ့် အရပ်သား ၃၁ ဦးဟာ အစိုးရဝန်ထမ်းမဟုတ်သူတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ကင်းရှင်းသူတွေဖြစ်ပြီး လာမယ့် ဧပြီလမှာ အဖွဲ့ဝင်တွေရဲ့ အမည်တွေကို ထုတ်ပြန်သွားမယ်လို့လည်း ပြော ပါတယ်။
အဲ့ဒီအဖွဲ့ကို ကေအိုင်အို ဒုတိယဥက္ကဌ ၂ ဖြစ်တဲ့ ဗိုလ်ချုပ်ဂွမ်မော်က ဦးဆောင်မှာဖြစ်ပါတယ်။
အကြံပေးအဖွဲ့ရုံးကို မြစ်ကြီးနားနဲ့ လိုင်ဇာမြို့မှာ အခြေစိုက်ဖွင့်လှစ်မှာဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့နိုင်ငံရေး ကိစ္စတွေ ကို လေ့လာသွားမှာဖြစ်ပါတယ်။
