တနိုင်းနဲ့ ရှင်ဗွေယာန်ခရိုင်အတွင်းက ဝန်ထမ်းတွေ နုတ်ထွက်ကြဖို့ KIO သတိပေး

2022.05.15
တနိုင်းနဲ့ ရှင်ဗွေယာန်ခရိုင်အတွင်းက ဝန်ထမ်းတွေ နုတ်ထွက်ကြဖို့ KIO သတိပေး ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်
Photo: RFA

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် နဲ့ ရှင်ဗွေယာန် ခရိုင်အတွင်းက စစ်ကောင်စီလက်အောက် ခံ ဝန်ထမ်းတွေအနေနဲ့ တာဝန်ကနေ နုတ်ထွက်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO က မေလ ၁၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ဒီမတိုင်ခင်ကလည်း မြစ်ကြီးနား ခရိုင်နဲ့ ဟူးကောင်းခရိုင်တို့ကနေ စစ်ကောင်စီလက် အောက်ခံ ဝန်ထမ်းတွေ လက်ရှိတာဝန်ထမ်းဆောင်နေတာကနေ နုတ်ထွက်ဖို့ မေ ၁၄ ရက် မနေ့ကပဲ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက် အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နေတာကြောင့် ပြည်သူတစ်ရပ်လုံးက နည်းလမ်းပေါင်းစုံနဲ့ တိုက်ပွဲဝင်နေကြတဲ့ အချိန်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါဟာ ကချင်ပြည်နယ်အတွင်း ခရိုင်နဲ့ မြို့နယ်အသီးသီးက ထုတ်ပြန်ချက်ဖြစ်တယ်လို့ KIO ဗဟိုရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောဆိုထားပါ တယ်။

ဒီကြေညာချက်ကို မလိုက်နာခဲ့ဘူးဆိုရင် ‌ပြဿနာအကျိုးဆက်တွေကို တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။

တာဝန်ကနေ ရပ်နား၊ နုတ်ထွက်တာမျိုး မရှိတဲ့ စစ်ကောင်စီ ဝန်ထမ်းတွေကို ထိုက်သင့်တဲ့ အရေးယူမှုတွေရှိနိုင်တယ်လို့ KIO ဗိုလ်မှူးကြီး နော်ဘူက ပြောထားသလို အရေးယူမှု ကိုတော့ ခရိုင်အသီးသီးကပဲ ဆုံးဖြတ်ကြမှာလို့ ဆိုပါတယ်။

လက်ရှိမှာ‌တော့ စစ်ကောင်စီတပ်တွေဟာ မြစ်ကြီးနား - ပူတာအို လမ်းတစ်လျှောက်မှာ စစ်ဆေးရေးဂိတ် သုံးခုရှိရာကနေ ခြောက်ခုအထိ တိုးချဲ့ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်‌နေ့က စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကမ်းလှမ်းချက်ကို ပါဝင်သင့်သူတွေ မပါဝင်ဘဲ တန်းတူဆွေးနွေးနိုင်တဲ့ အခင်းအကျင်းမဟုတ်တဲ့အတွက် KIO/KIA က တက်ရောက်ဖို့ ငြင်းဆန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။