ကိုယ်ကျိုးပဲကြည့်တဲ့ အဖွဲ့အစည်းတချို့နဲ့ လူပုဂ္ဂိုလ်အချို့ရဲ့ ပြောဆိုမှုနဲ့ လုပ်ရပ်တွေ ကြောင့် အကျပ်အတည်းထဲ ရောက်နေတဲ့ စစ်ကောင်စီ နာလန်ပြန်ထူသွားနိုင်တာကို သတိထားဖို့လိုတယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သတိပေးခဲ့ပါတယ်။
ဩဂုတ်လ ၁၀ ရက် ဒီနေ့ကျရောက်တဲ့ ကချင်အာဇာနည်နေ့ မိန့်ခွန်းမှာ ထည့်သွင်း သတိပေးခဲ့တာဖြစ်ပြီး အဲဒီမိန့်ခွန်းကို KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂင်ထန်ဂမ်ရှောင်က ရုပ်သံနေတစ်ဆင့် ကိုယ်စားဖတ်ကြားခဲ့တာ ဖြစ်ပါတယ်။
ဘယ်လို ကိစ္စတွေဆိုတာနဲ့ ဘယ်အဖွဲ့အစည်းတွေကို ရည်ညွှန်းပြောဆိုတာလဲဆိုတာတော့ အသေးစိတ်ထည့်သွင်း ပြောဆိုထားတာ မရှိပါဘူး။
စစ်ကောင်စီက တစ်နေ့ပြီးတစ်နေ့ ကျဆုံးနေပြီဖြစ်တာကြောင့် တော်လှန်ရေးအဖွဲ့တွေရဲ့ မျှော်မှန်းချက်ပန်းတိုင် ရောက်ရှိတော့မယ်လို့လည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောထားပါတယ်။
စစ်ကောင်စီကို မြန်မာပြည်သူအားလုံးက လက်နက်ကိုင်ပြီး တော်လှန်နေကြသလို KIO အနေနဲ့လည်း အဲဒီအဖွဲ့အစည်းတွေနဲ့လက်တွဲပြီး တော်လှန်နေတယ်လို့ ဆိုပါတယ်။
အခုအချိန်ဟာ ပူးပေါင်းတဲ့နည်းဗျူဟာနဲ့ စစ်မျက်နှာဖွင့်သွားနေတာဖြစ်လို့ KIO တပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း ကိုယ့်အမျိုးသားတွေရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်တဲ့ အပြုအမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် KIO အမှုထမ်းတွေအနေနဲ့ ဘယ်နေရာ၊ ဘယ်ဒေသမှာပဲ တာဝန်ထမ်းဆောင် နေရပါစေ လိုက်နာရမယ့် ဥပဒေစည်းကမ်းတွေကို လိုက်နာပြီး စံပြဖြစ်အောင်ကြိုးစား ကြဖို့လည်း တိုက်တွန်းထားပါတယ်။