ရန်သူကို လျှော့မတွက်ဖို့ ကရင်နီစစ်ဦးစီးချုပ် ပြောကြား

ကရင်နီပြည်တပ်မတော် KA/ KNDF ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က လက်ရှိတော်လှန်ရေး အောင်မြင်နေပြီဖြစ်ပေမယ့် ရန်သူကို လျှော့ပေါ့တွက်ချက်တာမလုပ်ဖို့ သတိပေးလိုက်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့ ဒီနေ့ ကျရောက်တဲ့ ၇၅ နှစ်မြောက် ကရင်နီပြည် တပ်မတော်နေ့အတွက် ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာထဲမှာထည့်သွင်း ပြောကြားလိုက် တာပါ။

ဒါ့အပြင် နိုင်ငံရေးအချောင်သမားတွေ၊ ဘာသာရေးအချောင်သမားတွေကို မယုံကြည်ဖို့ ပြောကြားရင်း မိမိတို့ ကရင်နီလူမျိုးတွေဟာ သဘာဝဒဏ်ကို ခံနိုင်ပေမယ့် နိုင်ငံရေးဒဏ်ကို မခံနိုင်ကြဘူးလို့ ဆိုပါတယ်။

ဗမာလူမျိုးအများစုတွေ တော်လှန်ရေးမှာ ပါဝင်လာကြပြီဖြစ်တဲ့တွက် အင်အား ကောင်းမွန်လာပြီး မုချ အောင်မြင်မယ်ဆိုတာကို ယုံကြည်ကြောင်း ပြောပါတယ်။

ကရင်နီပြည် တပ်မတော်နေ့အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့ သဝဏ်လွှာ ပေးပို့ခဲ့ပြီး စစ်အာဏာရှင်တော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။

ကရင်နီပြည်တပ်မတော်ကို ၁၉၄၉ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့မှာ တပ်မှူး ခုနစ်ဦး၊ ရဲဘော် ခုနစ်ယောက်နဲ့ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။