လွိုင်ကော်တိုက်ပွဲမှာ စစ်ရဟတ်ယာဉ်တစ်စီးကို ပစ်ချခဲ့ကြောင်း KNDF ပြော
ဇန်နဝါရီလ ၆ ရက်နေ့ကစလို့ ကယားပြည်နယ် လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ဒေသခံ ခုခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။
ဇန်နဝါရီလ ၈ ရက် မနေ့က တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့သလို တင့်ကားတစ်စီးနဲ့ ရဟတ်ယာဉ် တစ်စီးကိုပါ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ပါတယ်။
KNDF ဘက်က ပစ်လိုက်တဲ့ ကျည်ကြောင့် စစ်ကောင်စီရဲ့ စစ်ရဟတ်ယာဉ်ဟာ လွိုင်ကော်မြို့နယ် ဒေါမူက လားကျေးရွာနားမှာ ပျက်ကျသွားတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ပြန်ကြား ရေးတာဝန်ခံတစ်ဦးက ပြောပါတယ်။
“အဲဒီက လက်နက်ငယ်က ၁၁ လက်ရယ် လက်နက်ကြီးကျည်အချို့ရယ် သိမ်းဆည်းရတယ်။ သိမ်းဆည်း ရမိတဲ့ ပစ္စည်းတွေကတော့ စစ်ကောင်စီကမနေ့က တနေကုန်လုံးမှာ အယောက် ၃၀ အနည်းဆုံးပေါ့နော် အယောက် ၃၀ လောက် သေတယ်လေ။ ဒါကတော့ တိုက်ပွဲနဲ့ စပ်လျဉ်းတဲ့ဟာပေါ့။ ဟတ်စကီးက ကျနော် ထင်တယ်။ အဲဒီနေရာ က ဒီပျက်စီးခဲ့တယ်လို့ ကျနော်တို့ဘက်ကတော့ ကျနော်တို့ ပစ်ခတ်တဲ့အချိန်မှာ သူက ဒေါမူကလား ကျေးရွာနားမှာ ပျက်စီးသွားတာလေ။ ဒါကတော့အ တည်ပြုလို့ရတယ်လေ”
အဲဒီစစ်ရဟတ်ယာဉ်ဟာ မနေ့ည ၈ နာရီခန့်လောက်မှာ ပစ်ချခံရတာလို့ဆိုပါတယ်။ တိုက်ပွဲတွေဟာ ဒီးမော့ဆိုမြို့နယ်ထဲက ရွာတွေဖြစ်တဲ့ (၅) မိုင်၊ (၆) မိုင်၊ ဒေါပိုးစီရွာတွေကနေ လွိုင်ကော်မြို့နယ် မိုင်းလုံးနဲ့ ပန်ကန်းရပ်ကွက်အထိ ဖြစ်ပွားနေတာဖြစ်ပြီး လွိုင်ကော် PDF ဘက်က တစ်ဦးကျဆုံးခဲ့တယ်လို့လည်း ပြောပါတယ်။
"ဟတ်စကီးက ကျနော် ထင်တယ်၊ ကျနော်တို့ ပစ်ခတ်တဲ့အချိန်မှာ သူက ဒေါမူကလား ကျေးရွာနားမှာ ပျက်စီးသွားတာလေ"
စစ်ရဟတ်ယာဉ်ပျက်ကျတဲ့ ကိစ္စအပါအဝင် စစ်ကောင်စီဘက်က ထိခိုက်မှုတွေနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးတာကြောင့် စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လတ်တလော ဖုန်းလိုင်းဆက်သွယ်လို့ မရသေးပါဘူး။
ဇန်နဝါရီလ ၉ ရက် ဒီနေ့မနက်မှာလည်း လွိုင်ကော်မြို့ထဲမှာ လက်နက်ကြီးပစ်သံတွေနဲ့ သေနတ်သံတွေကို ကြားနေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွိုင်ကော်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့ကပင် နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတာဖြစ်ပြီး မနေ့ကတော့ မွန်းလွဲ ၂ နာရီလောက်ကစပြီး စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ်တွေ၊ စစ်ရဟတ်ယာဉ် တွေနဲ့ ၁၀ ကြိမ်ခန့် လာရောက်တိုက်ခိုက်ခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တိုက်ပွဲတွေနဲ့ဆက်နွယ်ပြီး ဇန်နဝါရီ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်က အရပ်သား ခြောက်ဦးသေဆုံးခဲ့ရသလို ဒေသခံ နှစ်သောင်းခန့်ဟာလည်း မြို့ကိုစွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ထွက်ပြေးလို့မရဘဲ မြို့ထဲမှာ ပိတ်မိနေတဲ့သူတွေလည်းရှိနေတယ်လို့ မိုင်းလုံးရပ်ကွက်က ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“လမ်းမှာလာဖို့ဆို အတားအဆီးဘယ်လိုရှိတုန်းဆို အဒေါ်တစ်ယောက်က ကျန်ခဲ့တာပေါ့။ ထွက်လို့မရ တော့လို့ မြို့ပြင်ကနေ စောင့်နေတာ အကြာကြီးပဲ။ မနက်ထွက်မရတော့လို့ အဒေါ်တယောက်တော့ ကျန်ခဲ့တယ်။ အဒေါ်တယောက်နဲ့ ကိုရင်းလေးတစ်ပါး ကျန်ခဲ့တယ်။ စောင့်နေတယ်။အကြာကြီးပဲ သူတို့ မလာနိုင်တော့ဘူး။ အိမ်တွေလည်း အခုအိမ်ဆိုရင်လည်း ဖောက်သွားပြီလေး ဘာမှမကျန်တော့ဘူး။ အစ်မတို့ဆိုင်ဖောက်ခံထားရပြီ ဘာမှမရှိတော့ဘူးတဲ့။ အဲမှာ အေးပေါ့လေး ဘာတတ်နိုင်မှာလဲ လူတောင်မှ အသက်လုပြီးပြေးကြရတဲ့ ဟာကြီးကို။ ကိုယ့်အိမ်ပေါ်မှာ ကျတာကြီးကို ကျမတို့ သမီးယောက်မ နှစ် ယောက်နဲ့ အိမ်က မတ်တစ်ယောက်နဲ့ဆို သူ့ကိုလိုက်ပစ်တာ နောက်ကနေ မထိလို့ ကံကောင်းတာပဲ။ ဒါပေမဲ့ အဲဒီ ရထားလမ်းဘေးမှာတော့ သူများအိမ်ရှေ့မှာတော့ ထိတဲ့ကလေးတွေရှိတယ်လေ။ အရပ်သား တွေပဲ စိတ်မကောင်းဘူး။ သူတို့ပစ်ပစ်ပြီး အဲလို အော်နေဆူနေကြတာ ထိသွားရင်သူတို့ အောင်ပွဲခံနေ ကြတာ နားတွေလည်းကြားလို့ စိတ်လည်းမကောင်းဘူး တကယ်ကိုမကောင်းဘူး”
အဲဒီဒေသခံနှစ်သောင်းခန့်ဟာ စစ်ဘေးဒုက္ခသည်စခန်းတွေဆီကို ထွက်ပြေးကြတာဖြစ်သလို အချို့ကလည်း အခြားတိုင်းနဲ့ ပြည်နယ်တွေကို ဦးတည်ထွက်သွားနေကြတာလို့ ဒေသခံတွေက ပြောပါတယ်။
လွိုင်ကော်မြို့ပေါ်မှာရှိနေတဲ့ ဒေသခံတစ်ဦးကလည်း ကယားပြည်နယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက် မှုတွေ ဆက်တိုက်လုပ်ဆောင်လာတာကြောင့် ကယားပြည်နယ်အတွင်းက ထွက်ခွာဖို့စဉ်းစားနေတယ်လို့ ပြောပါတယ်။
“စဉ်းစားနေကြတာပေါ့။ ဇဝေဇဝါတော့ ဖြစ်နေကြတာပေါ့။ သွားရင်းကောင်းမလား မသွားရင်ကောင်း မလား အဲလိုဖြစ်နေကြတယ်။ သွားတဲ့သူကသွားနေကြတယ် အဲမျိုးတွေပေါ့။ ဇဝေဇဝါ ဖြစ်နေကြတယ် လေ။ အခြေအနေကြည့်ပြီးတော့ ဖြည်းဖြည်းချင်းဖြည်းဖြည်းတော့ သွားရမှာပဲလေ။ ကယားကလွတ် သွားဖို့ပဲနည်းနည်း စဉ်းစားရမှာပဲလေးနော်။ အဲမျိုးပဲ စဉ်းစားနေတယ်။ ကယားက လွတ်သွားဖို့ပဲ”
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကလည်း ဇန်နဝါရီလ ၇ ရက်နေ့က စစ်တပ်က လေကြောင်းတိုက် ခိုက်မှုကြောင့် ကရင်နီထိန်းချုပ်နယ်မြေမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ၁၂၀၀ ကျော်ဟာ ထိုင်းနယ်စပ်ကို ဖြတ်ကျော်ပြီးတော့ ထွက်ပြေးခိုလှုံနေရပြီး နောက်ထပ် ဒုက္ခသည် ၂၀၀ ခန့်ကတော့ နယ်စပ်ကို ဖြတ်ကျော်နိုင် ခြင်း မရှိသေးဘူးလို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
အခုလို လေကြောင်း အသုံးပြုတိုက်ခိုက်နေတာတွေကို နိုင်ငံတကာက အမြန်ဆုံးအရေးယူဖို့နဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် လုံခြုံရေးအတွက် အမြန်ဆုံး ကူညီဆောင်ရွက်ပေးဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။