ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းရွာအနီးမှာ ဩဂုတ်လ ၉ ရက်၊ မနက် ၄ နာရီက စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ တောင်ပိုင်းတိုင်း အထူးကွန်မန်ဒိုတပ်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သုံးဆယ်ကျော်သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တောင်ပိုင်းတိုင်းစစ်ဒေသခွဲ ၂ ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်းက ပြောပါတယ်။
တိုက်ပွဲက မနက် ၄ နာရီကနေ နေ့လယ် ၁ နာရီထိ ကိုးနာရီကြာခဲ့ပြီး စစ်ကောင်စီဘက်က သုံးဆယ်ကျော် သေဆုံးတဲ့အပြင် ဒဏ်ရာအများအပြားရရှိခဲ့တယ်လို့ ဆိုပါတယ်။
KNLA ပူးပေါင်းအဖွဲ့ဘက်ကတော့ တောင်ပိုင်းတိုင်း အထူး ကွန်မန်ဒိုတပ်က တစ်ဦး၊ KNLA ဘက်ကနှစ်ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီအသုံးပြုတဲ့ စက်သေနတ် တစ်လက်၊ MA 1 ရှစ်လက်၊ MA 2 တစ်လက်၊ MA3 တစ်လက်၊ MA 4 တစ်လက်၊ မိုင်းရှာစက် တစ်လုံး၊ ဒရုန်းပစ် တစ်လက်၊ ကျည်အိမ် ၁၂ ခု၊ ၆ဝ မမ ဗုံးသီးတချို့နဲ့ ကျည်ဆန် အများအပြားကို KNLA ပူးပေါင်းအဖွဲ့တွေဘက်က ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဩဂုတ်လ ၁၀ ရက် ဒီနေ့အထိ နယ်မြေရှင်းလင်းမှုတွေဆက်လုပ်နေပြီး လက်နက်တွေထပ်ပြီး ရရှိတာတွေရှိတယ်လို့ စောဒိုရှင်းက RFA ကိုပြောပါတယ်။
“အခုထိရှင်းနေတုန်းပဲ လက်နက်တွေက ထပ်ရသေးတယ်။ မနေ့က ၁၈ လက် တစ်ကြိမ်ရရှိပြီး ဒီနေ့မနက် ခြောက်လက် ထပ်မံရရှိပါတယ်။ ဆက်လက်ရှင်းလင်းနေဆဲပါ။ ကျနော်တို့ဘက်ကလည်း ထိခိုက်ကျဆုံးရှိတယ်။ ရန်သူ သေဆုံးမှုက သုံးဆယ်ကျော်ရှိတယ်၊ ဒဏ်ရာတော်တော်များများရသွားတယ်၊ သူတို့အလောင်းတွေကတော့ ပြန် မကောက်သေးဘူး”
တိုက်ပွဲအတွင်း ပိန်းဇလုပ်အခြေစိုက် ခမရ-၂၆၄ အပြင် ကျောက်တံခါးမြို့နဲ့ သူဌေးကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကနေ လက်နက်ကြီး ပစ်ကူပေးခဲ့ပြီး လေကြောင်းနဲ့ နှစ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဩဂုတ် ၁၀ ရက် ထုတ်ပြန်ချက်မှာလည်း စစ်ကောင်စီဘက်က သေဆုံး ရုပ်အလောင်းတွေ လာမကောက်ရသေးသလို မြို့နယ်အတွင်းမှာလည်း ဝိုင်ဖိုင်စက်ကလွဲပြီး မိုဘိုင်းဖုန်းလိုင်းအင်တာနက်တွေ ဖြတ်တောက်ခံထားရတယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲအတွင်း သေဆုံးမှုအခြေအနေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို အသေးစိတ်သိနိုင်ဖို့အတွက် ပဲခူးတိုင်း၊ စစ်ကောင်စီပြောခွင့်ရ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က ဒီနေ့ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ တိုက်ပွဲဖြစ်ပွားတာ မကြားသေးဘူးလို့ အကြောင်းပြန်ပါတယ်။
“တိုက်ပွဲကတော့ ကြီးကြီးကျယ်ကျယ်ဖြစ်တာမရှိပါဘူး။ ကျွန်တော်တို့ သိသလောက်တော့ မရှိဘူးဗျ။ မကြားမိပါဘူး။”
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဩဂုတ်လ ၉ ရက်နေ့ ရေးသားထားချက်အရ မွန်းလွဲပိုင်းကစပြီး စစ်ကောင်စီတပ်တွေဟာ သမင်အင်းကုန်းနဲ့ ခိုလိုရွာကြားမှာ ပိတ်မိနေပြီး KNU၊ PDF အဖွဲ့ရဲ့ ပိတ်ဆို့ ပစ်ခတ်တာကို ခံနေရတဲ့အကြောင်း ရေးသားထားပါတယ်။
ဩဂုတ်လ ၉ ရက်၊ မနေ့က တစ်ရက်တည်းမှာ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အောက်ကြာအင်းရွာမှာလည်း စစ်ကောင်စီတပ်တွေ စစ်ကြောင်း ထိုးဝင်လာပြီးနောက် အိမ်တွေကို မီးနှစ်ကြိမ်ရှို့သလို ဖမ်းဆီးခံရတဲ့ အရပ်သား အသက် ၄၇ နှစ်အရွယ် ကိုဝင်းစိုး၊ ၄၃ နှစ်အရွယ် ကိုကျော်ဇင်၊ ၆၅ နှစ်အရွယ် ဦးမြင့်စိုးတို့ သုံးဦးအပါအဝင် စာရင်းမသိရသေးတဲ့ ရွာသားတွေအပါအဝင် ခြောက်ဦးထက်မနည်း သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီအခြေအနေကြောင့် KNLA၊ PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေကြား စစ်ရေးတင်းမာနေသလို စစ်ကောင်စီတပ်တွေ ရွာထဲဝင်စီးနင်းခဲ့တာကြောင့် အောက်ကြာအင်းရွာက ဒေသခံတစ်ထောင်နီးပါး နီးစပ်ရာ ကျေးရွာတွေနဲ့ ဖြူးမြို့ပေါ်ကို နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေ ပြောပါတယ်။