ကြာအင်းဆိပ်ကြီးက စစ်ကောင်စီ တောင်စွန်းစခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းယူ
2024.05.03
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်က စစ်ကောင်စီရဲ့ ခလရ ၂၈၄ အခြေစိုက် တောင်စွန်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက မေလ ၃ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
တောင်စွန်းစခန်းကို ဧပြီလ ၁၇ ရက်နေ့က စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မေလ ၃ ရက်နေ့ မနက်ပိုင်းက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးသေဆုံးခဲ့ပြီး တပ်ရင်းမှူးအပါအဝင် ၁၃ ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ မဟာမိတ်ပူးပေါင်းအဖွဲ့တွေဘက်မှာလည်း ထိခိုက်သေဆုံးတာတွေရှိခဲ့ပေမဲ့ အသေးစိတ်ကို ဖော်ပြမထားပါဘူး။
တောင်စွန်းစခန်း တိုက်ခိုက်သိမ်းပိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၃၆ ကြိမ်ပြုလုပ်ခဲ့ပြီး တောင်စွန်းကျေးရွာနဲ့ ဆင်ပြေးကျေးရွာတွေက ဘာသာရေး အဆောက်အအုံတွေနဲ့ လူနေအိမ် ၅၀ ကျော် ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတဲ့ အရေအတွက်၊ ထိခိုက်ပျက်စီးမှုတွေနဲ့ ပတ်သက်လို့ RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။