NCA လက်မှတ်ထိုးမယ့် အဖွဲ့တွေ အကြမ်းဖက် စာရင်းက ပယ်ဖျက်

2015-10-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
သမ္မတ ဦးသိန်းစိန်နဲ့ KNU ၊ RCSS/SSA နဲ့ DKBA ခေါင်းဆောင်တွေ သြဂုတ်လ ၃ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံကြစဉ်
သမ္မတ ဦးသိန်းစိန်နဲ့ KNU ၊ RCSS/SSA နဲ့ DKBA ခေါင်းဆောင်တွေ သြဂုတ်လ ၃ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံကြစဉ်
Photo: Nyo Ohn Myin Facebook

မြန်မာအစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးကြမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို မတရားအသင်းပုဒ်မ ၁၇ (၁) နဲ့အတူ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အကြမ်းဖက်အဖွဲ့များ စာရင်း ကနေ ပြည်ထဲရေးဝန်ကြီးဌာနက ဒီကနေ့မှာ အမိန့်ကြေညာစာထုတ်ပြန်ပြီး ပယ်ဖျက်ပေးလိုက်ပြီဖြစ်ပါတယ်။

အပစ်ရပ်ရေး စာချုပ်မှာလက်မှတ်ထိုးကြမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က လက်နှက်ကိုင် ၃ ဖွဲ့ကို မတရားအသင်းပုဒ်မကနေ ပယ်ဖျက်ပေးလိုက်သလို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ ထုတ်ပြန်ကြေညာ ထားတဲ့ လက်နှက်ကိုင်အဖွဲ့ ၂ ဖွဲ့ကိုလည်း အကြမ်းဖက်သူများစာရင်းကနေ ပယ်ဖျက်ပေးလိုက်ပြီလို့ သမ္မတ ရဲ့ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကို ပြောပါတယ်၊

"ပြည်ထဲရေးဝန်ကြီးဌာနကနေ အမိန့်ကြေညာစာ ဒီနေ့ပဲထုတ်ပါတယ်၊ အဲဒီအထဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS အဲဒါသုံးခုကိုတော့ ကျနော်တို့ မတရားအသင်းအဖြစ်ကနေ ပယ်ဖျက်ပါတယ် ၊ နောက်ထပ်နှစ်ဖွဲ့က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်သူများအဖြစ်နဲ့ ကြေညာထားတဲ့ အဖွဲ့ နှစ်ဖွဲ့ရှိသေးတယ်၊ အဲဒါက ABSDF နဲ့ RCSS နှစ်ခုကိုလည်း နောက်ထပ်ကြေညာချက်တစ်ခုကနေ အကြမ်းဖက်သူများစာရင်းကနေ ပယ်ဖျက်ပါတယ်၊ ကျန်တဲ့အဖွဲ့တွေက နဂိုကတည်းက မတရားအသင်းအနေ နဲ့ ကြေညာထားတာ မရှိတဲ့အတွက်ကြောင့် သီးခြားထုတ်ပြန်ပြီး ပယ်ဖျက်ထားတာမရှိပါဘူး"

အပစ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်မထိုးဘဲ ကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း NCA စာချုပ်မှာပါတဲ့ အချက်တွေကို သဘောတူပြီးသားဖြစ်တာမို့ အပစ်ရပ်ရေးစာချုပ်မှာ အချိန်မရွေးလာရောက် လက်မှတ်ထိုးဖို့အတွက် လမ်းဖွင့်ထားပြီး ငြိမ်းချမ်းရေးကိစ္စတွေအတွက် အစိုးရဘက်က လိုအပ်တဲ့ဆက်ဆံမှုတွေ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်းပြောပါတယ်၊

ဒါ့အပြင်လည်း ရှမ်းပြည်နယ်တွင်း တိုက်ပွဲတွေ ဖြစ်နေတာဟာ နှစ်ဘက်အဖွဲ့တွေကြား သတ်မှတ်ထားတဲ့ နယ်မြေတွေထဲ ကျော်လွန်လာရင် တပ်မတော်အနေနဲ့ ကာကွယ်ခွင့်ရှိတာကြောင့် မလွဲမရှောင်သာ တိုက်ပွဲတွေဖြစ်နေတာ ဖြစ်တယ်လို့လည်း ၀န်ကြီး ဦးရဲထွဋ်ကပြောပါတယ်။

အပစ်ခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးကြမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို မတရားအသင်း ပုဒ်မ ၁၇(၁) နဲ့ အကြမ်းဖက်သူများစာရင်းကနေ ဒီကနေ့မှာ ပယ်ဖျက်လိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ကြေညာချက်ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်၊

ကွန်မင့်များ (1)
Share

DaddyStormy

မတရားအသင်းဖျက်ပေးလဲဘာမှမထူးဘူး
မတရားတဲ့အစိုးရဖျက်ပေးမှတိုင်းပြည်နဲ့လူမျိုး
နလံထူနိုင်မယ်။

Oct 12, 2015 03:31 PM

ဆိုက်တခုလုံးသို့