KNU ဆက်ဆံရေးရုံး ပဲခူးတိုင်း ကျောက်ကြီးမြို့မှာ ဖွင့်လှစ်

အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရာမှာ အထောက်အကူ ဖြစ်စေဖို့ အတွက် KNU ကရင်အမျိုးသားအစည်းအရုံးက ဆက်ဆံရေး ရုံးခန်းတစ်ခုကို ပဲခူးတိုင်း ကျောက်ကြီးမြို့မှာ ဒီကနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။

၂၀၁၂ ခုနှစ် ဧပြီလ ၆ ရက်က KNU ငြိမ်းချမ်းရေးကိုယ်စားလှယ် စောထူးထူးလေးက သတင်းထောက်များအား ရှင်းလင်းပြောကြားနေစဉ်။ RFA

KNU ဆက်ဆံရေး ရုံးခန်းဖွင့်ပွဲကို KNU ဘက်က အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်နဲ့ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပြီး မြန်မာအစိုးရ ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးအောင်မင်း၊ ဦးခင်ရီနဲ့ ဦးစိုးသိမ်းတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

တက်ရောက်လာကြတဲ့ KNU ကိုယ်စားလှယ်အဖွဲ့ဝင်တွေကို ကျောက်ကြီးမြို့ ဒေသခံ ကရင်ပြည်သူတွေက ကြိုဆို နှုတ်ဆက်ခဲ့ကြပြီး ဒေသတွင်းက အခက်အခဲတွေကို တင်ပြဆွေးနွေးကြတယ်လို့ သိရပါတယ်။

နော်စီဖိုးရာစိန် ဦးဆောင်တဲ့ ကရင်အမျိုးသားအစည်းအရုံး ကိုယ်စားလှယ်အဖွဲ့ဟာ ကျောက်ကြီးမြို့ကအပြန် ပဲခူးတိုင်း ဝန်ကြီးချုပ် အပါအဝင် တိုင်းမှူးတို့ နဲ့ ညနေပိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။

ဒီကနေ့မှာပဲ ဗဒိုစောကွယ်ထူး ဦးဆောင်တဲ့ KNU ကိုယ်စားလှယ်အဖွဲ့ဟာ တနင်္သာရီတိုင်း မြိတ်မြို့ကို သွားရောက်ပြီး ဆက်ဆံရေးရုံးခန်း ဖွင့်လှစ်ဖို့အတွက် တနင်္သာရီတိုင်း ဝန်ကြီးချုပ်၊ တိုင်းမှုးတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

မြိတ်မြို့က KNU ဆက်ဆံရေးရုံးခန်းကို မနက်ဖြန်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org