အပစ်အခတ်ရပ်စဲရေး အောင်မြင်အောင် ကြိုးပမ်းသွားမယ်လို့ KNU ကြေညာချက် ထုတ်ပြန်

ကရင်ပြည်သူတွေ ကြောက်ရွံ့မှုကင်းပြီး ဘဝလုံခြုံစွာ ရပ်တည်နိုင်ရေးအတွက် KNU ကရင်အမျိုးသား အစည်းအရုံးက မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးကို အောင်မြင်အောင် ဆက်လက် ကြိုးပမ်း သွားမယ့်အကြောင်း ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၄ ရက်က ကရင်ပြည်နယ် ဖားအံမြို့တွင် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် KNU ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးနေစဉ်။ Photo courtesy of KIC

စက်တင်ဘာ ၃ ရက်နဲ့ ၄ ရက်တုန်းက ကရင်ပြည်နယ် ဖားအံမြို့မှာ KNU နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ တတိယအကြိမ် တွေ့ဆုံ ဆွေးနွေးမှုအပြီး အခုလို သတင်းထုတ်ပြန်ရတာ ဖြစ်တယ်လို့ KNU ပြောခွင့်ရပုဂ္ဂိုလ် နော်မေဦးက RFA ကို ပြောပါတယ်။

“ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေးဟာ ကျွန်မတို့ KNU အတွက် အရေးကြီးတယ်။ ဘာဖြစ်လို့လည်း ဆိုလို့ရှိရင် ကျွန်မတို့ ပြည်သူလူထုက ဒါကိုပဲ သူတို့က ပေတံတစ်ခုလိုပဲ သူတို့က ကြည့်တာ။ ဘာကြောင့်လည်းဆိုရင် ဒီစစ်တပ်ကြောင့်ပဲ စစ်လှုပ်ရှားမှုတွေကြောင့်ပဲ သူတို့ဘဝတွေ ခနော်ခနဲ့နဲ့ အဲလို ပြောင်းလဲ ခဲ့ရတာပေါ့နော်။ ပြည်သူလူထုတွေ သူတို့ မျှော်မှန်းတယ်။ သူတို့အများကြီး မျှော်လင့်တယ်။ ဒီအပစ်အခတ်ရပ်စဲရေးနဲ့ တွေ့ဆုံညှိနှိုင်းပွဲတွေကြောင့် သူတို့ဘဝကို သူတို့ ပုံမှန်အသက်ရှင် နေထိုင်နိုင်ဖို့ အတွက် သူတို့ မျှော်မှန်းတယ်။ ကျွန်မတို့ ဒီကိစ္စတွေ ကျွန်မတို့ ဆွေးနွေးတဲ့ အချိန်မှာ ပြည်သူလူထုဘဝ လုံခြုံမှုကို အာမခံနိုင်ဖို့ဆိုတာ အဲတာပါပဲ”

ဖားအံမြို့က ဆွေးနွေးပွဲမှာ အပစ်ရပ်ရေးအတွက် Code of Conduct လို့ခေါ်တဲ့ နှစ်ဖက်တပ်တွေ လိုက်နာရမယ့် စည်းကမ်းတွေကို KNU ဘက်ကတင်ပြခဲ့ပြီး အစိုးရဘက်ကလည်း မူအားဖြင့် သဘောတူညီခဲ့ကြောင်း KNU ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အစိုးရနဲ့ KNU အဖွဲ့တို့ နောက်တစ်ကြိမ် ဆွေးနွေးပွဲကို ဒီနှစ်မကုန်ခင်မှာ ပြုလုပ်သွားဖို့ သဘောတူခဲ့ ကြောင်းလည်း သိရပါတယ်။

တတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ အသေးစိတ် အကြောင်းနဲ့ ပတ်သက်လို့ KNU ပြောခွင့်ရပုဂ္ဂိုလ် နော်မေဦးက RFA ကိုဉာဏ်ဝင်းအောင်က မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။

အသံဖိုင်ယူရန်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org