ကရင်အမျိုးသား နှီးနှောဖလှယ်ပွဲတစ်ရပ်ကို ထိုင်း မြန်မာနယ်စပ် KNU ထိန်းချုပ်နယ်မြေ လော်ခီးလာ (ခေါ်) လေးဝါး စခန်းမှာ မေလ ၁၆ ရက်နေ့က စတင်ပြီး ၅ ရက်ကြာ ကျင်းပနေပါတယ်။ ကရင်တမျိုးသားလုံးရဲ့ သဘောထားကို ရယူပြီး လာမည့်နိုင်ငံရေးဆွေးနွေးပွဲမှာ တင်ပြဆွေးနွေးနိုင်ဖို့အတွက် ဒီနှီးနှောဖလှယ်ပွဲကို ကရင်အဖွဲ့အစည်းပေါင်း စုံက ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ဆွေးနွေး နေကြတာဖြစ်တယ်လို့ KNU တွဲဖက်အတွင်းရေးမှူး ၁ ပဒို စောသောသီဘွဲ က ပြောဆိုပါတယ်။
"အဓိကရည်ရွယ်ချက်က ကျနော်တို့ဒီမှာ ပြည်တွင်းရော ပြည်ပရော နောက်ပြီးတော့ ကျနော်တို့ ဒီနယ်စပ်ကရော ဒီလက်နက်ကိုင် KNU အဖွဲ့အစည်းကရောပေါ့လေ စုပေါင်းပြီးတော့မှ လာမည့် နိုင်ငံရေးဆွေးနွေးပွဲ အခန်းကဏ္ဍ မှာ ဆွေးနွေးနိုင်အောင် ဒါကို ရည်ရွယ်ပြီးတော့မှ အစည်းဝေး ခေါ်ရခြင်းဖြစ်တယ်၊ နိုင်ငံရေးဆွေးနွေးပွဲ ရောက် တဲ့အခါကျရင် နိုင်ငံရေးကို ဘယ်လို ဆွေးနွေးမလဲ၊ စစ်ရေးကို ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ၊ စီးပွားရေးကို ဘယ်လိုကိုင်တွယ်ပြီးတော့ ကွပ်ကဲပြီး စီမံမလဲ၊ အုပ်ချူပ်ရေးနဲ့ လူမှုရေးဆိုင်ရာ ကိစ္စတွေကိုလည်း ဘယ်လို ညှိနှိုင်းပူးပေါင်းဆောင်ရွက်မလဲ ဆိုတဲ့ဟာကို နိုင်ငံရေးဆွေးနွေးတဲ့ အခန်းကဏ္ဍရောက်လို့ရှိရင် အခန်းကဏ္ဍ အလိုက်ကို ဆွေးနွေးတင်ပြသွားဖို့ပါ"
ဒီနှီးနှောဖလှယ်ပွဲကို KNU က ခေါင်းဆောင်ကိုယ်စားလှယ်တွေအပါအဝင် ပြည်တွင်း ပြည်ပက ကရင်လူမှု အဖွဲ့အစည်းတွေ၊ တတ်သိပညာရှင်တွေနဲ့ နယ်စပ်အခြေစိုက် ကရင်လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ အပါအဝင် လူစုစုပေါင်း ၁၀၀ ကျော် တက်ရောက်ဆွေးနွေးနေကြတယ်လို့ ဆိုပါတယ်။
