ကေအဲန်ယူ ခေါင်းဆောင် အသစ်တွေရွေးချယ်မှု ဝေဖန် မှုတွေပြင်းထန်


2017.04.08
mutusaypoe-622.jpg ကေအဲန်ယူ ဥက္ကဋ္ဌ ဗိုလ်ချူပ်ကြီး စောမူတူးစေးဖိုး (မတ်တတ်ရပ်နေသူ) ကို တွေ့ရစဉ်
Photo: RFA

၁၆ ကြိမ်မြောက် ကရင်အမျိုးသား အစည်းအရုံး KNU ကွန်ဂရက်ကနေ ဥက္ကဌ၊ ဒုဥက္ကဌ အပါအဝင် ခေါင်းဆောင် သစ် ၅ ဦးကို ရွေးချယ်ရာမှာ ဥက္ကဌအဖြစ် အရင်က တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ကိုပဲ ပြန်လည်ရွေးချယ် လိုက်ပြီး ဒုတိယဥက္ကဌကို ပဒိုစောကွယ်ထူးဝဝင်းကို ရွေးချယ်လိုက်ပါတယ်။

အရင်က ဒုတိယဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ နော်စီဖိုးရာစိန်နဲ့ ခေါင်းဆောင်တချို့  ရွေးချယ်ခံရတဲ့အထဲ ပြန်ပါ မလာတဲ့အတွက် ရွေးကောက်ပွဲရလဒ်အပေါ် ဝေဖန်မှုတွေ ပြင်းထန်လာနေပါတယ်။

ကေအဲန်ယူအဖွဲ့အတွင်း ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်မှုကို သဘောကျတဲ့အဖွဲ့နဲ့ ဒုဥက္ကဌ နောစီဖိုးရာစိန် ဦးဆောင်မှုကိုသဘောကျတဲ့အဖွဲ့ဆိုပြီး အားပြိုင်မှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဒီအခြေအနေတွေအပေါ် အရင်က တွဲဘက်အထွေထွေအတွင်းရေးမှူး ၁ အဖြစ် တာဝန်ယူခဲ့တဲ့ ပဒို စောသောသီဘွဲ ရဲ့ အမြင်ကို မေးမြန်းကြည့်ရာမှာတော့ သူက အခုလို ဖြေဆိုပါတယ်။

"ကျနော်တို့ ဘာမှတော့ မြင်ချင်စရာ မရှိပါဘူး၊ ဒါက ကွန်ဂရက်ကနေ ရွေးချယ်တင်မြှောက်ရလာတဲ့ ရလဒ်တွေပဲဆိုတာ ကျနော်တို့က ကျေကျေနပ်နပ်နဲ့ အားအားရရ ထောက်ခံပြီးတော့မှ ပံ့ပိုးသွားရမှာပါ။ ဒါက ဘာဖြစ်လို့လည်းဆို KNU အဖွဲ့အစည်းဝင် တစ်ယောက်အနေနဲ့ မည်သူပဲရရ ကျနော်တို့ကတော့ အဖွဲ့အစည်းရဲ့တာဝန်၊ အဖွဲ့အစည်းဝင်ရဲ့ တာဝန်ဝတ္တရားတွေက အပြည့်အဝရှိထားပြီးပဲ ဖြစ်တဲ့ အတွက်ကြောင့်မို ကျနော်တို့က ရှောင်လို့မရဘူး၊ ဒီအလုပ်ကိုတော့ ကျနော်တို့က ပံ့ပိုးရမယ်။ ကျနော်တို့က အထောက်အကူပြုရမယ်၊ ဒါက ကျနော်တို့ရဲ့ တာဝန်ပဲဖြစ်တယ်"

အရင်က ဒုတိယဥက္ကဌ နော်စီဖိုးရာစိန်နဲ့အဖွဲ့ဟာ ဗဟိုကော်မတီအဆင့်တောင် ရွေးချယ်တင်မြှောက်ခံရခြင်း မရှိပါဘူး။

ရွေးကောက်ပွဲမှာ KNU ဥက္ကဌအဖြစ်  ဗိုလ်ချူပ်ကြီး စောမူတူးစေးဖိုး၊ ဒုတိယ ဥက္ကဌအဖြစ် အရင်က အထွေထွေ အတွင်းရေးမှူးချုပ် ပဒို စောကွယ်ထူးဝင်း၊  အထွေထွေအတွင်းရေးမှူးအဖြစ် ပဒို စောတာဒိုမူး၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ၁ ပဒို စောဆဲဘွယ်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ၂  ပဒို စောလှထွန်း တို့ပဲ ဖြစ်ပါတယ်။

KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ ၁၆ ကြိမ်မြောက် ကွန်ဂရက်ကို  ထိုင်း မြန်မာနယ်စပ် KNU ထိန်းချုပ် နယ်မြေဖြစ်တဲ့ လေးဝါးစခန်း ခေါ် လောခီးလာ ဒေသမှာ မတ်လ ၁၄ ရက်နေ့က စတင်ကျင်းပနေ တာဖြစ်ပြီး ခေါင်းဆောင် ၂၀၀ ကျော် တက်ရောက်နေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။