NCA လမ်းကြောင်းဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကနေ သွေဖည်သွားကြောင်း KNU ဥက္ကဋ္ဌ ပြော

လက်ရှိ NCA အကောင်အထည်ဖော် ဆောင်ရွက်မှုတွေဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုလမ်းကြောင်းကနေ သွေဖည်သွားပြီလို့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောလိုက်ပါတယ်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ၂၀၁၉ မတ်လ ၅ ရက်နေ့ကကျင်းပတဲ့ NCA လက်မှတ်ထိုးထားတဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ တွေ့ဆုံပွဲမှာ တွေ့ရစဉ် Photo: Aung Moe Myint/RFA
လက်ရှိ NCA အကောင်အထည်ဖော်ဆောင်ရွက်မှုတွေဟာ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးနဲ့ အာမခံချက်တွေ အပါအဝင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကိုရောက်စေမယ့် လမ်းကြောင်းတွေကနေ သွေဖည်သွားပြီလို့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောလိုက်ပါတယ်။

လေးလကြာ မကျင်းပဖြစ်ခဲ့တဲ့ NCA လက်မှတ်ထိုးထားတဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တွေ့ဆုံပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီနေ့ကျင်းပနေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ခေါင်းဆောင် လည်းဖြစ်တဲ့ KNU ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက တက်ရောက် မိန့်ခွန်းပြောကြားရာမှာ ပြောဆိုလိုက် တာဖြစ်ပါတယ်။

NCA လမ်းကြောင်း ပြန်လည်တည့်မတ်စေဖို့ရည်ရွယ်ပြီး KNU နဲ့ RCSS ဥက္ကဋ္ဌ ၂ ဦးက ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ လ ၁၁ နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ စာတစ်စောင် ပေးပို့ခဲ့ပါတယ်။

အဲဒီစာမှာပါဝင်တဲ့ အကြောင်းအရာတွေအပေါ် ဒီနေ့တွေ့ဆုံပွဲမှာ ဆွေးနွေးလိုတယ်လို့လည်း ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော် ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

KNU ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက အစိုးရနဲ့ တရားဝင်ငြိမ်းချမ်းရေး အစည်းအဝေးတွေမှာ ပါဝင်မှု ယာယီရပ်ဆိုင်းထားခဲ့ပြီး အခုနှစ် ဇန်နဝါရီလ ဒုတိယအပတ်အကုန်မှသာ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ KNU တို့ကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်ဖို့ အလွတ်သဘော တွေ့ဆုံမှုတွေ ပြန်လည်စတင်လာခဲ့တာ ဖြစ်ပါတယ်။

မနက်ဖြန်မှာလည်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org