တိုက်ပွဲပေါင်း ၃၀၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀၀၀ ကျော်သေကြောင်း KNU ထုတ်ပြန်

၂၀၂၁ ခုနှစ်အတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်တွေ အကြား တိုက်ပွဲပေါင်း ၃၁၅၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က၂၁၉၀ ဦး သေဆုံးကာ ၂၀၄၈ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU ဗဟိုက ဇန်နဝါရီ ၇ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေအတွင်း KNU ဘက်က ၄၂ ဦး သေဆုံးပြီး ၁၃၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တိုက်ပွဲတွေဟာ KNU ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ တပ်မဟာ (၁) နယ်မြေမှာ ၂၄၉ ကြိမ်၊ တပ်မဟာ (၂) နယ်မြေမှာ ၅၀ ကြိမ်၊ တပ်မဟာ (၃) နယ်မြေမှာ ၁၀၀ ကြိမ်၊ တပ်မဟာ(၄) နယ်မြေမှာ ၉ ကြိမ်၊ တပ်မဟာ (၅) နယ်မြေမှာ ၂၆၉၆ ကြိမ် နဲ့ တပ်မဟာ (၆) နယ်မြေမှာ ၅၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တပ်မဟာ (၇) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘားအံခရိုင်မှာတော့ တိုက်ပွဲဖြစ်ပွားတာ မရှိခဲ့ပါဘူး။

တစ်နှစ်လုံးအတွင်း စစ်တပ်က လက်နက်ကြီးကျည်အလုံး ၁၅၀၀ ကျော် ပစ်ခတ်ခဲ့ပြီး စစ်တပ်ရဲ့ လေကြောင်း ပစ်ခတ်မှုတွေနဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေကြောင့် အရပ်သား ၃၁ ဦးသေဆုံးကာ ၈၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေနဲ့ ပစ်ခတ်မှုတွေကြောင့် အနည်းဆုံး အရပ်သား ၅၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ် လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNU ဗဟိုရဲ့ ထုတ်ပြန်ချက်ထဲမှာပါဝင်တဲ့ ထိခိုက်သေဆုံးစာရင်း အချက်အလက်တွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ တိုက်ပွဲတွေအတွင်း ထိခိုက် ကျဆုံးမှုတွေရှိတာ မှန်ပေမယ့် တိုက်ပွဲအကြိမ်ရေနဲ့ ထိခိုက်သေဆုံးမှုစာရင်းတွေကတော့ သူတို့ ထုတ်ပြန် သလောက်မများဘူးလို့ RFA ကို တုံ့ပြန်ဖြေဆိုထားပါတယ်။