တိုက်ပွဲတွေ ရပ်စဲပြီး ငြိမ်းချမ်းစွာ တွေ့ဆုံညှိနှိုင်းဖို့ KNU တိုက်တွန်း

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်စဲပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာတွေ့ဆုံညှိနှိုင်း အဖြေရှာဖို့ ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောလိုက်ပါတယ်။

ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးကို တွေ့ရစဉ် Photo: Karen National Union Headquarters

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်စဲပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာတွေ့ဆုံ ညှိနှိုင်း အဖြေရှာဖို့ ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောလိုက် ပါတယ်။

ပဒိုစောတာဒိုမူးက ရခိုင်ပြည်နယ်မှာ လက်တလောဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးပြောရာမှာ ပါးကိုက်ရင် နားကိုက်မယ်ဆိုတာထက် နိုင်ငံရေးယဉ်ကျေးမှုအသစ်ကို အခြေခံပြီး ငြိမ်းချမ်းစွာပြဿနာကိုဖြေရှင်းတဲ့ မူကိုကျင့်သုံး ဖို့နဲ့ အဲဒီအတွက်လိုအပ်တဲ့ အတွေးအခေါ် အယူအဆတွေကို ပြုပြင်ကြဖို့ သက်ဆိုင်သူတွေကို တိုက်တွန်းလိုတယ် လို့လည်း KNU ဗဟိုရဲ့ လူမှုကွန်ရက်စာမျက်နှာက မနေ့ကပြောလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ထာဝရငြိမ်းချမ်းရေးရဖို့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ မပါဝင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ပါဝင်လာအောင် အစိုးနဲ့ တပ်မတော်ဘက်က ဆောင်ရွက်ဖို့နဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ အတွက် ရေတို၊ ရေလတ်၊ ရေရှည်ဆိုပြီး အဆင့် ၃ ဆင့် ခွဲခြားဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထားတာ တွေ့ရ ပါတယ်။

ရေတိုမှာတော့ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ အရေးဆောင်ရွက်ရမှာဖြစ်ပြီး၊ အပစ်အခတ် ရပ်စဲရေး ခိုင်မာဖို့အတွက် နိုင်ငံတကာပါဝင်တဲ့ အပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့တွေကို လွတ်လွတ်လပ်လပ် စောင့်ကြည့်ခွင့်ပေးဖို့နဲ့ တိုင်းရင်းသားနယ်မြေတွေမှာ တပ်စွဲထားတဲ့ တပ်မတော် စခန်းတချို့ကို နှစ်ဘက်သဘော တူညီမှုနဲ့ ဆုတ်ခွာဖို့လိုအပ်တယ်လို့လည်း ပြောပါတယ်။

ရေလတ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရွေးချယ်ပြီး ပြင်ဆင်ဖို့၊ ရေရှည်မှာတော့ တပ်မတော်ဟာ အရပ်ဘက်အုပ်ချုပ်ရေးအောက်ကို ပြန်နေပြီး Professional Army အဖြစ် အသွင်းပြောင်းဖို့ ဆိုတာတွေကို ထောက်ပြပြောဆိုထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org