ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် နာယက၊ တပ်မတော်နဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသက လွှတ်တော်ကိုယ်စားလှယ်တွေ ဒီနေ့ လွှတ်တော်မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မဲဆန္ဒ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင် က အစိုးရတပ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက တပ်တွေ ပူးပေါင်းပြီး နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ အတွက် မကြာခင်မှာ တည်ငြိမ်သွားနိုင်တယ်လို့ ပြော ပါတယ်။
"ကျနော်တို့ နာယကကြီးနဲ့ ကျနော်တို့ဗိုလ်ချုပ်ကြီး တို့က အကုန်လုံးဒုချုပ်နဲ့ပါ ကျနော်တို့ဒေသ လုံခြုံရေးကိုအဖက်ဖက်မှာ စီစဉ်ပေးနေပါတယ်၊ အဓိက ကတော့ ကစထမှူးပေါ့၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် ကိုယ်တိုင် လာရှိုးမှာထိုင်ပြီးကွပ်ကဲနေ တာပေါ့၊ ဒီရက်ပိုင်း ကိုအေးချမ်းသွားမယ်"
ဆွေးနွေးပွဲကို ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးလှဌေးဝင်းနဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လွှတ်တော်ကိုယ်စားလှယ် ၃ ဦး တက်ရောက်ပါတယ်။
ဒီအတောအတွင်း ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ကြောင့် လောက်ကိုင် အခြေစိုက် အစိုးရဝန်ထမ်းတွေဟာ လားရှိုးမြို့ကို တိမ်းရှောင် နေကြပါတယ်။
လောက်ကိုင်တဝိုက်မှာ လုံခြုံရေးစိုးရိမ်ရတဲ့အတွက် ရှောင်တိမ်းလာကြတာလို့ လားရှိုးခရိုင် အခြေစိုက် အမည်မဖော်လို တဲ့ရဲအရာရှိတစ်ဦးက RFA ကို ပြောပါတယ်။
ကိုးကန့်လက်နက်ကိုင်ခေါင်းဆောင် ဖုန်ကြားရှင်ဦးဆောင်တဲ့ MNDAA နဲ့ အစိုးရစစ်တပ် ခလရ ၁၂၉ တို့ဟာ ပြီးခဲ့ တဲ့ နှစ်ရက်လောက်ကတည်း က လောက်ကိုင်မြို့နယ် ဖုန်းရွှေးရှမ်းရွာနဲ့ ကြိုးထိုးရှမ်းရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေကြ တာပါ။
တိုက်ပွဲကြောင့် လောက်ကိုင်မြို့ နယ်မြေကင်းစခန်းမှာ တာဝန်ကျတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အရာရှိတစ်ဦး ကျ ဆုံးခဲ့ပြီး ကိုးကန့်ရဲတပ်ဖွဲ့က ငါးဦးကျဆုံးခဲ့ တယ်လို့လည်း ပြောပါတယ်။
လောက်ကိုင်မြို့ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသတစ်ခုဖြစ်ပြီး နယ်မြေအုပ်ချုပ်ရေး အရ ကိုးကန့်ဒေသခံ ရဲတပ်ဖွဲ့ လည်း ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
တရုတ်-မြန်မာနယ်စပ်အနီး ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့နယ်မှာ ပြီးခဲ့တဲ့၂ ရက်လောက်ကစလို့ အစိုးရစစ်တပ်နဲ့ ဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်တွေ တိုက်ပွဲဖြစ်ပွားနေတာပါ။
ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်မတော် MNDAA ဟာ လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်မှာ အစိုးရနဲ့အပစ်အခတ်ရပ်စဲခဲ့တဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ ဘိန်းလုပ်ငန်း နဲ့ ဆက်နွယ်တယ်ဆိုပြီး အစိုးရနဲ့ပြဿနာဖြစ်ခဲ့တာကြောင့် ကိုးကန့်ဒေသကနေ ထွက်ပြေးသွားတဲ့အဖွဲ့လို့လည်း သိရပါတယ်။
