လိပ်ကျွန်းအမှုကိစ္စ မျှတမှုရှိအောင် အစိုးရ ကြိုးပမ်းမည်
2017.03.13
သေဒဏ်ချမှတ် ခံထားရတဲ့ ကိုဝင်းဇော်ထွန်း နဲ့ ကိုဇော်လင်းတို့ လွတ်မြောက်ဖို့အတွက် မတ်လ ၁၃ ရက်နေ့က ရန်ကုန်မြို့ ထိုင်းသံရုံးရှေ့မှာ မေတ္တာပို့ ဆုတောင်းစဉ်
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်း အမှုကိစ္စကို ထိုင်းနိုင်ငံ တရားဥပဒေနဲ့အညီ သက်သာရာ ရအောင် ဆောင်ရွက်သွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
ဒီနေ့ နေပြည်တော်က သင်္ဂဟဟိုတယ်မှာကျင်းပတဲ့ ကလေးအလုပ်သမား ပပျောက်ရေးအလုပ်ရုံ ဆွေးနွေးပွဲအပြီး မှာ ဝန်ကြီးဦးသိန်းဆွေ က ပြောတာဖြစ်ပါတယ်။
"ဒါက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် စိတ်ဝင်စားပါတယ်၊ ပြီးတော့ ဟိုနေ့ကပဲ သံရုံးကအဖွဲ့တွေ သွားပြီးတော့မှ ဆောင်ရွက်နေတယ်၊ သူ့နိုင်ငံရဲ့ဥပဒေနဲ့ ဆောင်ရွက်နေတာဖြစ်တဲ့အတွက် တရားဥပဒေအရ နည်းလမ်းအရ ဖြေရှင်းရမှာပဲ"
အမျိုးသားရေး တက်ကြွလှုပ်ရှားနေတဲ့ ဆရာတော်တွေနဲ့ လူပုဂ္ဂိုလ် ၅၀ လောက်က သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ လွတ်မြောက်ဖို့ အတွက် ရန်ကုန်မြို့ထိုင်းသံရုံးရှေ့မှာ ဒီနေ့ မေတ္တာပို့ဆုတောင်း ခဲ့ကြပါတယ်။
ထိုင်း အစိုးရအနေနဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို သေဒဏ်ပေးမှာ စိုးရိမ်တဲ့အတွက်ကြောင့် အခုလိုမေတ္တာပို့ ဆုတောင်းတာဖြစ်တယ်လို့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက မိန့်ကြားပါတယ်။
"သူတို့ရဲ့တရားရေးကို ဝင်ရောက်စွက်ဖက်တယ်ဆိုပြီးတော့ ဘုန်းကြီးတို့ရဲ့လုပ်ရပ်တွေကို မကျေနပ်မုန်းတီး ပြီးတော့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်း သေမိန့်ကျသွားမှာကိုလည်း ဘုန်းကြီးတို့က ထည့်တွက်ရပါတယ်၊ ဒါကြောင့် ဘုန်းကြီးတို့က အနူးညံ့ဆုံး ပျော့ပျောင်းဆုံးနည်းနဲ့ မေတ္တာဆက်လက်ပေးပို့မှာဖြစ်ပါတယ်"
မြန်မာအလုပ်သမား ဝင်းဇော်ထွန်းနဲ့ ဇော်လင်း တို့ဟာ လိပ်ကျွန်းကို အလည်လာတဲ့ ဗြိတိန်နိုင်ငံသား စုံတွဲကို သတ်မှုနဲ့ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်က သေဒဏ်ချမှတ်ခံထားရတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် မေလက အယူခံတင်သွင်းခဲ့ပေမယ့် ထိုင်းအစိုးရအယူခံတရားရုံးက ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ပယ်ချလိုက်တာဖြစ်ပါတယ်။
ထိုင်းအစိုးရရဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းဥပဒေအရ အယူခံပယ်ချခံရပြီးနောက် တစ်လအတွင်း အယူခံဝင်ရ မှာဖြစ်ပါတယ်။









