ကိုထင်ကျော်လွတ်မြောက်ရေး MDCF အဖွဲ့ဝင်တွေ တောင်းဆို ဆန္ဒပြ
2014.10.10

အင်းစိန်ထောင်အတွင်းမှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ MDCF က မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
ဒီနေ့ ဆန္ဒပြရတာနဲ့ ပတ်သက်လို့ ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ဝင် မစိန်ထွေးက
"ကိုထင်ကျော် အပါအဝင် နိုင်ငံရေးသမားတွေရောပေါ့နော် နောက်တခြား အကြောင်းအမျိုးမျိုးနဲ့ မတရားဖမ်းဆီးခံရတဲ့ လူတွေကို အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးပါလို့ ကျမတောင်းဆိုတယ်၊ လူထုအပေါ်မှာ မိခင်စိတ် အပြည့်အဝရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်သာလျှင် တိုင်းရင်းသား ပြည်သူတွေအပေါ်ကို ကျောသားရင်သားမခွဲခြား မိဘသဖွယ် ရင်အုပ်မကွာစောင့်ရှောက်မယ်လို့ ကျမတို့ ယုံကြည်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အားစုတွေကို ကျမတို့က ကြားဖြတ်အစိုးရအဖြစ် တင်မြှောက်ကြောင်း ကြေညာပါတယ်"
ကိုထင်ကျော်ဟာ သမ္မတ ဦးသိန်းစိန်အစိုးရ နုတ်ထွက်ပေးရေးအပါအဝင် အချက် ၃ ချက်ကို အစာငတ်ခံ ဆန္ဒပြနေတာ ဒီနေ့အထိ ၈ ရက် ရှိနေပြီလို့ သိရပါတယ်။
အကျဉ်းဦးစီးဌာနက ကိုထင်ကျော်ကို မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်ငြင်းပယ်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်အတွင်းကလည်း ကိုထင်ကျော်ဟာ အင်းစိန်ထောင်မှာ ၃၆ ရက်ကြာ အစာငတ်ခံ ဆန္ဒပြခဲ့ဖူးပါတယ်။ အဲဒီကာလတုန်းကတော့ မိသားစုနဲ့ ထောင်ဝင်စာတွေ့ခွင့်ရခဲ့တယ်လို့ သိရပါတယ်။
ကိုထင်ကျော်ဟာ လက်ရှိမှာ စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ၄ လ အမိန့်ချမှတ်ခံထားရသူဖြစ်ပါတယ်။