ကိုထင်ကျော်ကို နောက် ထပ် ထောင်ဒဏ်၂ နှစ် ချမှတ်
2014.10.30

ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် တရားရုံးက ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို နိုင်ငံတော် အကြည်ညိုပျက်စေအောင် ပူးပေါင်းကြံစဉ်မှု နဲ့ ထောင်ဒဏ် (၂)နှစ် ဒီနေ့ ချမှတ်လိုက်ပါတယ်။
ကိုထင်ကျော်ရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ဒီနေ့ချမှတ်တဲ့ ပြစ်ဒဏ်ဟာ ဒီမိုကရေစီခေတ်မှာ မဖြစ်သင့်တဲ့အကြောင်း ပြောပါတယ်။
"၅ဝ၅(ခ)/၃၄ အရ ထောင်ဒဏ် ၂ နှစ်ချတယ်၊ အဲဒီ့အခင်းဖြစ်ရပ်မှာ ကိုထင်ကျော်မရှိပဲနဲ့ စွဲတင်တာရယ်၊ နောက်တစ်ချက်က ကိုထင်ကျော်ရဲ့ အမှုနဲ့ပတ်သက်လို့ ၁၂ ရုံးမြောက်စွဲတယ်၊ အဲ့တော့ ကိုထင်ကျော်တို့ရဲ့ တင်ပြချက်က ဒီမိုကရေစီကို တည်ထောင်နေတဲ့ နိုင်ငံတစ်ခုမှာ ရှိသင့်ရှိအပ်တဲ့ အချက်အလက်နဲ့ ညီညွှတ်တဲ့အတွက် ဒီဟာကတော့ အရေးမယူသင့်ဘူးပေါ့၊ ဒီမိုကရေစီနိုင်ငံတွေမှာ သမ္မတလည်း ဝေဖန်လို့ရတာပဲ၊ ဝန်ကြီးချုပ်ကိုလည်း ဝေဖန် လို့ရတာပဲ"
ကိုထင်ကျော်ဟာ ဒီနေ့ ကျောက်တံတားမြို့နယ် တရားရုံးက ချမှတ်တဲ့ပြစ်ဒဏ်နဲ့ တခြားမြို့နယ် တရားရုံးတွေက ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေအပါအဝင် စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ်နဲ့ ၄ လ ပြစ်ဒဏ်ချမှတ်ခံထားရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ်တင်မြှောက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အဖွဲ့ဝင်တွေက မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီနေ့က ဆန္ဒပြစဉ် ကိုထင်ကျော်ဟာ ထောင်ထဲမှာ ရှိနေခဲ့ပေမယ့် ဆန္ဒပြတာဟာ သူ့ရဲ့ ဆောင်ရွက်မှုဖြစ်တယ် ဆိုပြီး နိုင်ငံတော်အကြည်ညိုပျက်အောင် ပူးပေါင်းကြံစဉ်မှု ၅၀၅(ခ)/ ၃၄ နဲ့ ကျောက်တံတားမြို့နယ်က တရားစွဲဆိုပြီး ထောင်ဒဏ်အပြစ်ပေးတာဖြစ်ပါတယ်။