ကိုထင်ကျော်ကို ရာဇဝတ်သားတွေ နဲ့ ပြန်ခွဲထုတ်ပေး


2015.03.31
kohtinkyaw-family-305.jpg ဇွန်လ ၂၃ ရက်နေ့က ကိုထင်ကျော်တို့ မိသားစုကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ စဉ်ဆက်မပြတ်ထွန်းကားရေးအဖွဲ့ MDCF ခေါင်းဆောင် ကိုထင်ကျော်ကို အင်းစိန်သီး သန့်ဆောင်မှာ ရာဇဝတ်သားတွေနဲ့ တိုက်ခန်းတစ်ခု ထဲမှာ အတူထားရာကနေ အခြားနိုင်ငံရေးအကျဉ်း သားတွေရှိတဲ့ တိုက်နံပါတ် (၃) ကို တနင်္လာနေ့ က ပြည်လည်ပြောင်းရွှေ့ပေးလိုက်တယ်လို့ သိရပါတယ်။

လူသတ်မှုတရားခံတွေ၊ သေဒဏ်ကျခံနေရသူတွေနဲ့ တစ်ခန်းတည်းထားရှိတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ကိုထင်ကျော်ရဲ့ဇနီး မသန်းသန်းမော် က RFA နဲ့ ဆက်သွယ်မေးမြန်းရာမှာပြောဆိုပြီး တဲ့နောက် နဂိုထားတဲ့တိုက်ကို ပြန်ပြောင်းပေး လိုက်တာဖြစ်တယ်လို့ မသန်းသန်းမော်က ပြောပါတယ်။

"သူ့ကိုနဂိုတိုက်ကိုပြန်ရွှေ့လိုက်ပြီ၊ ထောင်ဝင်စာမှာလည်း ကျမတို့က တကယ်စကားပြောခဲ့တယ်လေ၊ သက်ဆိုင်ရာတွေကိုပို့မယ်၊ ဒါမှမရရင် အင်းစိန်ရှေ့မှာ ဆန္ဒပြမယ်ဆိုပြီး ကျမတို့ထောင်ဝင်စာမှာ တစ်ခါတည်းပြောခဲ့တာကိုး၊ RFA မှာသတင်းပါပြီး မကြာပါဘူး သူတို့ရွှေ့ပေးတာပါ"

မြေသိမ်းယာသိမ်းကိစ္စတွေ၊ အစိုးရရဲ့အားနည်းချက်တွေကို ဖေါ်ထုတ်ဆန္ဒပြခဲ့တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် တင်မြှောက်ကြောင်းဟောပြောခဲ့တဲ့ ကိုထင်ကျော်ကို ဆူပူအောင်လှုံဆော်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ခွင့်ပြုချက်မရှိဘဲဆန္ဒပြမှုပေါင်းများစွာနဲ့ အစိုးရကတရားစွဲပြီး ထောင်ဒဏ် ၁၃ နှစ်ခွဲ ချမှတ်ထားတာဖြစ်ပါတယ်။

ကိုထင်ကျော်ဟာ ၂၀၀၇ ခုနှစ်ကလဲ ကုန်ဈေးနှုန်းကျဆင်းရေးဆန္ဒပြလို့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရသလို၊ တယ်လီဖုန်းလိုင်းကတ်တစ်ကတ်ကို အစိုးရက ကျပ် ၂ သောင်းနဲ့ ရောင်းနေတဲ့အချိန်မှာ ၅ ထောင်ကျပ်နဲ့ရောင်းပေးဖို့ အကြိမ်ကြိမ်ဆန္ဒပြခဲ့တဲ့အတွက် အရေးယူခံခဲ့ရဖူးပါတယ်။ အဲဒီ့နောက် အစိုးရက တယ်လီဖုန်းကတ်ကို ၁၅၀၀ ကျပ်ဈေးထိလျှော့ချပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။