တောင်ကိုရီးယားသံအမတ် ဆန်လှူဒါန်း

ရခိုင်ပြည်နယ်အတွက် ဆန်တန်ချိန် ၂၅၀ ကို တောင်ကိုးရီးယားနိုင်ငံက ဒီနေ့လှူဒါန်းလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁၉၅၀ ခုနှစ် ကိုးရီယားစစ်ပွဲကာလမှာ မြန်မာနိုင်ငံက ဆန်တန်ချိန် ငါးသောင်းကိုလာရောက် ကူညီခဲ့ပြီး အခုရခိုင်ပြည်နယ်အတွက် ပြန်လည်လှူဒါန်းတာဟာ နှစ်နိုင်ငံအကြားတည်ရှိလာခဲ့တဲ့ ချစ်ကြည်ရင်းနှီးမှုကို ပြလိုတဲ့အတွက်ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုးရီးယားသံအမတ်ကြီး Mr Lee Saung Hwa က ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်ကလည်း မြန်မာနိုင်ငံအတွက် ဆန်တန်ချိန် ၁၈၀၀ ကျော်ကို လှူဒါန်းခဲ့တယ် လို့ သိရပါတယ်။

တောင်ကိုးရီယားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေးတွေမှာ အကူအညီတွေပေးနေသလို အခုနှစ်မှာလည်း စစ်တွေအပါအဝင် ရခိုင်ပြည်နယ် မြို့နယ် ၃ ခုမှာ ဖွံ့ဖြိုးရေးအကူအညီတွေ ပေးဖို့ရှိတယ်လို့လည်း သံအမတ်ကြီး Mr Lee Saung Hwa ကပြောပါတယ်။

ဒီနေ့ ဆန်လှူဒါန်းတဲ့ အခမ်းအနားကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာကျင်းပခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက လက်ခံယူခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။