တောင်ကိုရီးယားရောက်မြန်မာတွေ စစ်ကောင်စီဆန့်ကျင်ရေး ၂၂ ရက်ကြာ လမ်းလျှောက်ဆန္ဒပြ

RFA Burmese
2024.07.28
တောင်ကိုရီးယားရောက်မြန်မာတွေ စစ်ကောင်စီဆန့်ကျင်ရေး ၂၂ ရက်ကြာ လမ်းလျှောက်ဆန္ဒပြ စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ တောင်ကိုရီးယားရောက်မြန်မာတွေ ဆိုးလ်မြို့မှာ ၂၀၂၄ ဇူလိုင် ၂၈ ရက်နေ့က ဆန္ဒပြနေစဉ်။
Facebook/ Linn Htet Aung

စစ်ကောင်စီနဲ့အကျိုးတူပူးပေါင်းလုပ်ဆောင်နေတဲ့ POSCO လုပ်ငန်းစု အပါအဝင် တခြားပြည်တွင်း ရင်းနှီးမြှုပ်နှံမှုတွေကနေ စစ်ကောင်စီ ဝင်ငွေရနေတာတွေကိုပိတ်ဆို့ ဆိုင်းငံ့ဖို့ တောင်ကိုရီးယားအစိုးရကို ကိုရီးယားရောက် မြန်မာ့အရေးလှုပ်ရှားသူတွေက ဇူလိုင် ၂၈ ရက်နေ့က ဆန္ဒပြ တောင်းဆိုကြပါတယ်။

ဘူဆန်မြို့ကနေ ဆိုးလ်မြို့အထိ ၂၂ ရက်ကြာ လမ်းလျှောက်ပြီး ဆိုးလ်မြို့တွင်း လမ်းလျှောက်ဆန္ဒပြတောင်းဆိုတာလို့ ဆန္ဒပြပွဲဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။

"ရက်ရှည်ကြာချီတက်ပြီးပေါ့ အဓိကထားတောင်းဆိုခဲ့ကြတာပေါ့။ ကျွန်တော်တို့ အားလုံးပေါင်း ၂၂ ရက်ကြာချီတက်တယ်။ လမ်းတစ်လျှောက် တော်လှန်ပြည်သူတွေရဲ့ အားပေးဝန်းရံမှုလည်းရခဲ့သလို ကိုရီးယားလွှတ်တော်တွေ ကိုရီးယားနိုင်ငံရေး ၊ ကိုရီးယား NGO အဖွဲ့အစည်းတွေရဲ့ အကူအညီလည်း ကျွန်တော်တို့ အပြည့်အဝရခဲ့တယ်။ ဒီတောင်းဆိုချက်တွေကိုလည်း တောင်းဆိုရုံနဲ့မပြီးသွားဘဲ ‌တောင်းဆိုမှုတွေကို ထပ်ပြီးတော့လုပ်ဖို့ရှိပါတယ်။ ဒီတစ်ခုတည်းနဲ့ အဆုံးသတ်သွားမှာမဟုတ်ဘူး။ ဆက်ပြီးတော့ လုပ်စရာရှိတာတွေလည်း ကျွန်တော်တို့ အစီအစဉ် ချထားပါသေးတယ်။"

မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသောလူငယ်များအဖွဲ့က ဦးဆောင်ပြီး ဇူလိုင် ၇ ရက်မှာ ဘူဆန်မြို့ကနေ စတင် ချီတက်ဆန္ဒပြကြတာပါ။

လူ ၂၀၀ ကျော် ဆိုးလ်မြို့အတွင်း လှည့်လှည့်ဆန္ဒပြရုံမက စစ်ကောင်စီ စစ်သံမှူးရုံးရှေ့မှာလည်း ဆန္ဒပြခဲ့ကြပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် တောင်ကိုရီးယားအစိုးရအနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုကျူးလွန်နေတဲ့ စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူဖို့ အပါအဝင် တောင်းဆိုချက် ငါး ရပ်ပါဝင်တဲ့ ကြေညာချက်တစ်စောင်ကိုလည်း မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသောလူငယ်များအဖွဲ့က ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။