တပ်ပိုင်ကုမ္ပဏီတွေကို သပိတ်မှောက်ကြဖို့ KWO တိုက်တွန်း

ဝေယံမိုးမြင့်
2020.02.18

မြန်မာပြည်သူတွေ တပ်ပိုင်ကုမ္ပဏီအားလုံးရဲ့ ထုတ်ကုန်တွေကို ဝယ်ယူခြင်းမပြုဖို့ ကရင် အမျိုးသမီးအစည်းအရုံး KWO က ဖေဖော်ဝါရီ ၁၇ ရက်နေ့၊ မနေ့က တိုက်တွန်းလိုက်ပါတယ်။

တပ်မတော်က လူ့အခွင့်ရေးချိုးဖောက်မှုတွေ မကြာခဏကျူးလွန်တာတွေ ရှိနေတာကြောင့် တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းက ထုတ်ကုန်တွေကို ဝယ်ယူအားပေးတာ မလုပ်ဖို့ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ကရင်အမျိုးသမီးအစည်းအရုံး KWO က တိုက်တွန်းလိုက်တာပါ။

တပ်မတော်ပိုင် ကုမ္ပဏီတွေကနေ ရလာတဲ့ငွေတွေနဲ့ လက်နက်ခဲယမ်းတွေ  ဝယ်ယူအသုံးပြုနေတယ်လို့ ကရင် အမျိုးသမီးအစည်းအရုံး KWO ရဲ့ ဒုတိယ ဥက္ကဋ္ဌ နော်အဲလိစ်က စွပ်စွဲလိုက်ပါတယ်။

"တပ်မတော်ဆိုတာ တိုင်းပြည်ကိုကာကွယ်ဖို့ ဒါပေမဲ့ တပ်မတော်က စီးပွားရေးလုပ်ပြီး အဲဒီက အမြတ်အစွန်းနဲ့ လက်နက်ဝယ်တယ်။ စစ်ဖက်ဆိုင်ရာပစ္စည်းဝယ်ပြီး  တခြားတိုင်းရင်းသားဒေသတွေနဲ့ ပြည်တွင်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ တပ်ဘက်ဆိုင်ရာစီးပွာရေးကို အားမပေးဖို့ မဝယ်ယူဖို့ တိုက်တွန်းတာပါ။"

နိုင်ငံတကာ အကူညီပေးရေးအဖွဲ့တွေနဲ့ သံရုံးတွေအနေနဲ့လည်း  သူတို့ငွေတွေ တပ်ပိုင်ကုမ္ပဏီတွေ  လက်ထဲ မရောက်ရှိရေး အာမခံနိုင်မယ့် မူဝါဒချမှတ်ပေးကြဖို့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်ရဲ့ ဦးပိုင်ကုမ္ပဏီက ရရှိငွေတွေဟာ တပ်မိသားစုတွေ သက်သာချောင်ချိရေးမှာ အသုံးပြုတာလို့ တုံ့ပြန်ပါတယ်။

"တပ်မတော်က လုပ်ဆောင်နေတဲ့ မြန်မာစီးပွားရေးဦးပိုင်လီမိတက် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းလုပ်ငန်းတွေ သည် နံပါတ် ၁ တပ်ရဲ့ သက်သာချောင်ချိရေးလုပ်တာ၊ လက်နက်ခဲယမ်းဝယ်ဖို့မရှိပါဘူး။ သူတို့ကုမ္ပဏီတွေဖြစ်တဲ့ အတွက် တရားဝင်ဖြစ်တဲ့အတွက် ကုန်ထုတ်လုပ်မှု စာရင်းရှယ်ယာတွေကို စစ်ဆေးလို့ရပါတယ်။ တရားဝင်အခွန် ဆောင်ထားတာဖြစ်ပါတယ်။ ဒီစွပ်စွဲချက်က လုံးလုံးအဓိပ္ပါယ်မရှိဘူး။"

ကရင်ပြည်နယ်မှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်လို့ KWO က ပြောဆိုထားပါတယ်။

ဇန်နဝါရီ ၂၉ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁၁  ကရင်အမျိုးသားနေ့အထိ မုရော်ဒေသကို မော်တာ ၁၂၆ လုံး ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

အရပ်သားတွေ ပိုင်ဆိုင်တဲ့ စိုက်ပျိုးရေးခြံ ၄၀ ဝန်းကျင်ကိုလည်း တပ်မတော်သားတွေ  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KWO က စွပ်စွဲထားပါတယ်။

တပ်မတော်ဘက်ကတော့ ကရင်ပြည်နယ်ဟာ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း အဖွံ့ဖြိုးဆုံး ပြည်နယ်တစ်ခု ဖြစ်တယ်ဆိုတာ နှစ်ဖက်ခေါင်းဆောင်တွေ အသိအမှတ်ပြုထားပြီလို့ ပြောပါတယ်။

ဒါပေမဲ့လည်း တပ်မတော်နဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ KNU တို့ကြားမှာ ပြီးခဲ့တဲ့လကပဲ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

လူ့အခွင့်ရေးချိုးဖောက်မှုကြာင့် တပ်မတော်နဲ့ အစိုးရဟာ နိုင်ငံတကာဖိအားတွေ ကြုံရပေမယ့်လည်း သူတို့တွေရဲ့ မက်လောက်စရာ ဝင်ငွေတွေ ရရှိနေတာက လက်ခံနိုင်စရာမရှိဘူးလို့လည်း KWO က ဆိုပါတယ်။

KWO ရဲ့ ထုတ်ပြန်ချက်အပေါ် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံအနေနဲ့ ထောက်ခံတယ်လို့ အထွေထွေ အတွင်းရေးမှူး နော်စဲစဲက ဆိုပါတယ်။

လန်ဒန်အခြေစိုက် Burma Campaign UK က တပ်မတော်နဲ့ဆက်စပ်လုပ်ကိုင်နေတဲ့ ကျင့်ဝတ်မဲ့ကုမ္ပဏီစာရင်း ထုတ်ပြန်တာကို WKO အနေနဲ့ ကြိုဆိုတယ်လို့ ပြောထားပါတယ်။

"KWO ရဲ့ ထုတ်ပြန်ချက်ကိုလက်ခံတယ်၊ ကျွန်မတို့ အမျိုးသမီးအဖွဲ့ချုပ် မြန်မာနိုင်ငံအနေနဲ့ သူတို့အသံ ပိုကျယ်အောင် သူတို့ထုတ်ပြန်ချက်ကို အားကောင်းအောင် ဘယ်လိုဆက်လုပ်ကြမလဲဆိုတာ ဆက်ဆွေးနွေး ဖို့ရှိပါတယ်။"

နိုင်ငံတကာ ကုမ္ပဏီ ၆၀ ဝန်းကျင် တပ်မတော်နဲ့ တိုက်ရိုက်ဒါမှမဟုတ် သွယ်ဝိုက်ပြီးတော့ စီးပွားရေးလုပ်နေ တာရှိတယ်လို့ ကုလသမဂ္ဂ အချက်လက် ရှာဖွေရေးမစ်ရှင် FFM ရဲ့ ၂၀၁၉ ခုနှစ် သြဂုတ်လထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာ့စီးပွားရေးဦးပိုင်လိမီတက်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ဟာ တပ်ပိုင်လုပ်ငန်းတွေဖြစ်ပြီး အဲဒီ အောက်မှာ မြဝတီဘဏ်၊ မိုင်တဲလ် ဆက်သွယ်ရေးလုပ်ငန်း၊ ပါရမီ၊ ရွှေမန်းသူ၊ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ ဘီယာထုတ်လုပ်တဲ့ Myanmar Brewery စတဲ့လုပ်ငန်းတွေအပြင် သတ္တုတူးဖော်ရေးလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်းနဲ့ အထည်ချုပ်လုပ်ငန်းတွေ ပါဝင်ပါတယ်။

တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေထဲက အမေရိကန် ငွေကြေးဝန်ဆောင်မှု လုပ်ငန်း Western Union က မြဝတီဘဏ်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းလိုက် ကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့က ကြေညာချက် ထုတ်ထားပါတယ်။

အလားတူ ဂျပန်နာမည်ကြီး ဘီယာကုမ္ပဏီ Kirin ကလည်း တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည် သုံးသပ်နေကြောင်း ဖေဖော်ဝါရီလ ၆ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။