ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ကလေးတစ်ဦး အပါအဝင် ၇ ဦး ပစ်သတ်ခံရ

2019-04-06
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းရွာမှာ တပ်မတော်သား နှစ်ယောက် ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့သူတွေကို တွေ့ရစဉ်
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းရွာမှာ တပ်မတော်သား နှစ်ယောက် ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့သူတွေကို တွေ့ရစဉ်
ဓါတ်ပုံ - ကျိုက်မရောမုဒုံ သတင်း

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းရွာမှာ တပ်မတော်သား နှစ်ယောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ အသက် ၈ နှစ်အရွယ် ကလေးတစ်ယောက်အပါအဝင် လူ ၇ ယောက် သေဆုံးခဲ့ရတယ်လို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက RFA ကို ဒီနေ့ အတည်ပြုပြောပါတယ်။

ဧပြီလ ၅ ရက်နေ့ မနက် ၂ နာရီခွဲနဲ့ ၃ နာရီကြား အချိန်လောက်မှာ ကမ္ဘာရှားဆိုတဲ့ ဆိုင်ကယ်ပြင်ဆိုင်ကို လူ ၂ ယောက် ရောက်လာပြီး ဆိုင်ကယ်ငှားဖို့ တောင်းဆိုတာကနေ အဲဒီလို ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ပြောပါတယ်။

ဆိုင်ကယ်သော့ သွားယူနေတဲ့အချိန်မှာ အိမ်မှာရှိတဲ့ မိသားစု ၂ စုဝင်တွေထဲက အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၃ ယောက် စုစုပေါင်း ၇ ယောက်တို့ကို သေနတ်နဲ့ပစ်ခတ်တဲ့အတွက် သေဆုံးသွားတာလို့ ပြောပါတယ်။

အဲဒီပစ်ခတ်မှုဖြစ်ပြီး မကြာမီ ရဲတပ်ဖွဲ့၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ပူးပေါင်းရှာဖွေကြတဲ့အခါ တစ်ယောက်ကိုတော့ မိထားပြီလို့ သိရပါတယ်။

ပစ်ခတ်ခဲ့သူတွေဟာ တပ်မတော်က တပ်သားအဆင့်တွေဖြစ်ကြတဲ့ မြင့်ဝေနဲ့ ငြိမ်းချမ်း ဆိုသူတို့ဖြစ်ကြပြီး တပ်ထဲကနေ ခွင့်မဲ့ ပျက်ကွက်နေသူတွေလို့လည်း ပြောပါတယ်။

မိသားစုဝင် ၇ ဦးကို ပစ်ခတ်မှုဖြစ်ပွားတဲ့ အချိန်ဟာ မနက်အာရုဏ်မတက်ခင်ခန့်ကဖြစ်ပြီး မြို့ပေါ်နဲ့လည်း မိုင် ၃၀ ကျော်လောက် အလှမ်းဝေးတဲ့ နေရာမှာဖြစ်ပွားတာလို့ သိရပါတယ်။
အဲဒီအိမ်မှာ မိသားစု ၂ စု တို့ နေထိုင်ကြကာ စုစုပေါင်း ၇ ဦးကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားတာဖြစ်ပြီး ဆိုင်ကယ်အပါအဝင် နေအိမ်ထဲကပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံတွေ ပြောကြားချက်အရ သိရပါတယ်။

လက်ရှိအချိန်ထိ အဲဒီသူ နှစ်ဦးထဲက တစ်ဦးကို ပြန်လည်ဖမ်းဆီးရမိထားပြီး နောက်ထပ် တစ်ဦးကိုတော့ ရှာဖွေနေဆဲပဲဖြစ်ကာ ဘယ်တပ်ကဖြစ်တယ်ဆိုတာတွေကိုတော့ စိစစ်ဆဲပဲလို့ အမည် မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

သာမန်နယ်ဖက် ဥပဒေအရဆိုရင် လူသတ်မှု၊ လုယက်မှု ပုဒ်မတွေနဲ့အမှုဖွင့်မှာဖြစ်ပြီး တပ်မတော်သား တွေဖြစ်တာမို့ ဖွင့်ထားပြီးသားအမှုတွေနဲ့ တပ်မတော်စည်းကမ်းဥပဒေအတိုင်း ဆက်လက်စီရင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောတင်ဝင်းက

"တပ်ကတော့ နယ်မြေခံတပ်က မဟုတ်ဘူးဗျ၊ လှည့်လာတဲ့တပ်ကလို့ ပြောပါတယ်ဗျာ၊ ဥပမာ ရှေ့တန်း က ပြန်လာတဲ့တပ်တွေသော်လည်းကောင်း တပ်ရဲ့ နယ်မြေကနေ ကင်းလှည့်တဲ့တပ်ကသော်လည်း ကောင်း နေရင်းတဲ့ဖြစ်တဲ့ကိစ္စပါ၊ လုသွားတယ်ဗျာ ပစ္စည်း၊ ပစ္စည်းတွေယူပြီးထွက်ပြေးသွားတယ်ဗျာ ခုထက်ထိ ကျွန်တော်ကတော့ မမြင်ရဘူး ပစ္စည်းတွေယူသွားတယ်ဆိုတာ အားလုံးကပြောကြတယ်၊ ဒီအတိုင်းအညိုးနဲ့သတ်တာတော့မဟုတ်ဘူး"

တပ်မတော်သား နှစ်ဦးက ကျူးလွန်တဲ့ ကိစ္စဖြစ်တာကြောင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှူးကြီး မောင်မောင်လတ်ကို RFA က ဆက်သွယ်မေးမြန်းကြည့်ရာမှာ အခုလို ပြောပါတယ်။

"အဲဒီဖြစ်စဉ်က ဘယ်ဟာအမှား ဘယ်ဟာအမှန်ဆိုတာ စီစစ်ဆဲဖြစ်ပါတယ်၊ ဘယ်ဟာမှန်တယ် ဘယ် ဟာမှားတယ် ဘယ်လိုဖြစ်တာလဲဆိုတာကို လေး ငါး ခြောက်မျိုး ဖြစ်နေလို့ အမှန်ကို မသိနိုင်သေးလို့ပါ ခင်ဗျ၊ သူတို့စိစစ်တဲ့အပေါ် မူတည်ပြီးတော့ ကျွန်တော့ကို တင်ပြတဲ့အပေါ် မူတည်ပြီးတော့ သိမှာပေါ့၊ စိ စစ်နေတာတော့ အနီးတပ်တွေက စီစစ်နေပါတယ်"

ပြည်နယ်အစိုးရအဖွဲ့ကလည်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးကိုယ်တိုင် ဆောင်ရွက်နေတယ်လို့ မွန် တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်း က ပြောပါတယ်။

"မနေ့တုန်းက သိထားပြီးပါပြီ မနေ့တုန်းက ချက်ချင်းသိပြီးတော့ လုံ/နယ်က သူ့လိုင်းကသူ ဆောင်ရွက် နေပါတယ်၊ ပြဿနာနဲနဲရှိနိုင်တယ်ဆိုတဲ့သဘော ရှိနိုင်တော့ ပြောတာဆိုတာ ယူဆချက်နဲ့ မှားသွားရင် မကောင်းဘူးနော်"

ဒါကတော့ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ လူ ၇ ဦးကို တပ်မတော်သား ၂ ဦး သေနတ်နဲ့ပစ်ခတ်သွား တာနဲ့ ပတ်သက်ပြီး နားဆင်ခဲ့ရတာဖြစ်ပါတယ် ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့လိုက်တာပါ။

ဆိုက်တခုလုံးသို့