ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲခံထားရတဲ့ ကျောက်ဆိပ် ကျေးရွာသားတွေကို ဇန်နဝါရီလ ၅ ရက် ဒီကနေ့မှာ စစ်တွေ ခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ စွဲချက် အမိန့်ချဖို့ ဆုံးဖြတ်လိုက်တယ်လို့ အကျိုးဆောင်ရှေ့နေက RFA ကိုပြောပါတယ်။
ဒီကနေ့ ရုံးချိန်းမှာတော့ အမှုကို စွဲချက်တင်သင့် မတင်သင့်ကို နှစ်ဖက်ရှေ့နေတွေ အပြီးသတ် လျှောက်လဲချက် ပေးခဲ့ကြတယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောပါတယ်။
လာမယ့် ရုံးချိန်းမှာ စွဲချက် မတင်သင့်ကြောင်း တရားရုံးကဆုံးဖြတ်ခဲ့ရင် တရားရှင် လွတ်မြောက်လာမှာဖြစ်ပြီး စွဲချက်တင်ခဲ့ရင်တော့ အမှုကို ဆက်လက် ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာက ကိုမောင်ဌေးဝင်း၊ ကိုညီညီအောင်၊ ကိုမျိုးလင်းဦး၊ ပုဏ္ဏားကျွန်း မြို့ပေါ် အလယ်စုရပ်ကွက်က ဦးမင်းစိုးနဲ့ မြောက်ဦးမြို့နယ် ဇီးပင်ကြီးကျေးရွာက ကိုကျော်ဝင်းဟိန်းတို့ဟာ ရက္ခိုင့်တပ်တော် (AA)နဲ့ ဆက်စပ်တယ်ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဧပြီလကတည်းက ဖမ်းဆီးတရားစွဲခံ နေရတာပါ။
သူတို့ဟာ စစ်ရေယာဉ်ပေါ်မှာလည်း စစ်သားတွေရဲ့ ဝိုင်းဝန်းနှိပ်စက်ခဲ့ခြင်းကိုလည်း ခံခဲ့ရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ပုဒ်မ- ၅၀ (ည)၊ ၅၂ (က) တို့နဲ့ ခလရ - ၅၅၀ တပ်ရင်းက ဗိုလ်ကြီး တင့်နိုင်ထွန်းက တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးတရားစွဲခံနေရတဲ့ ကိုညီညီအောင်ရဲ့ မိခင်ဒေါ်နီနီကတော့ ငွေကြေး အခက်အခဲ ဖြစ်နေတာကြောင့် သားဖြစ်သူရဲ့ ဒီကနေ့ ရုံးချိန်းကိုတောင် မလာတော့ဘူးလို့ RFA ကိုပြောပါတယ်။ ဒါကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုပဲ တောင်းဆိုတယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးပဋိပက္ခကာလအတွင်း အေအေနဲ့ ဆက်စပ် တယ်ဆို ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲခံထားရသူ တစ်ရာကျော် ကျန်ရှိ နေသေးတယ်လို့ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။