ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် ကြိုးကြီးရွာထဲကို စစ်ကောင်စီတပ်က ဩဂုတ်လ ၂၆ ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သား လေးဦး ဒဏ်ရာရပြီး နေအိမ် ခုနစ်လုံး ပျက်စီးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဩဂုတ်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကျောက်တံခါးမြို့နယ် ပိန်းဇလုပ်မြို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ကနေ ၁၂၀ မမ လက်နက်ကြီး သုံးလုံးပစ်ခတ်ခဲ့တာမှာ ကြိုးကြီးရွာထဲကို ကျရောက်ပေါက်ကွဲပြီး အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသား သုံးဦးဒဏ်ရာရခဲ့တယ် လို့ ဆိုပါတယ်။
လက်နက်ကြီးကြောင့် နေအိမ် ခုနစ်လုံးလည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဩဂုတ်လ ၂၀ ရက်နေ့ကလည်း ပိန်းဇလုပ်မြို့ကနေ ကျောက်ကြီးမြို့နယ်အတွင်းက တလှဲခင်၊ လိန်ပင်နဲ့ ငါးဖယ်အင်း ရွာတွေကို ၁၀၅ မမနဲ့ ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ငါးဖယ်အင်းရွာက ခရစ်ယာန် ဘုရားကျောင်းတစ်ခုနဲ့ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ပြောပါတယ်။
ဩဂုတ်လ ၂၃ ရက်နေ့ကနေ ၂၆ ရက်နေ့ထိလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ညောင်လေးပင်ခရိုင် ရွှေကျင်၊ ကျောက်ကြီးနဲ့ မုန်းမြို့နယ်ထဲက နေအိမ် ၁၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း KNU ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကတော့ ညောင်လေးပင်ခရိုင်အတွင်းက မြို့နယ်တချို့ KNLA ပူးပေါင်းတပ်တွေ ဝင်လာကြောင်း သတင်းရတဲ့အတွက် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ဒေသတည်ငြိမ်ရေးနဲ့ လုံခြုံရေး ဆောင်ရွက်နေပြီး လက်ရှိမှာလည်း တည်ငြိမ်အောင် ထိန်းသိမ်းဆောင်ရွက်ထားနိုင်တယ်လို့ RFA ကို ပြောထားပါတယ်။
ဩဂုတ်လ ၁၈ ရက်နေ့ကတော့ ကျောက်ကြီးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု လေးကြိမ်လုပ်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရတဲ့အပြင် နေအိမ် လေးလုံး ထိခိုက်ပျက်စီးတယ်လို့ KNU ရဲ့ ဩဂုတ်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် ပဲခူးတိုင်း အရှေ့ခြမ်းက ဒေသခံ တစ်သိန်းနီးပါး (၉၈,၁၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။