ကျောက်မဲမှာ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ဖုန်းနဲ့ အင်တာနက်သုံးခွင့် TNLA ကန့်သတ်

RFA Burmese
2025.01.29
ကျောက်မဲမှာ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ဖုန်းနဲ့ အင်တာနက်သုံးခွင့် TNLA ကန့်သတ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ပျက်စီးနေသည့်နေအိမ်အချို့ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် တွေ့ရစဉ်။
Citizen Photo

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်တဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဖုန်းနဲ့ အင်တာနက် အသုံးပြုတာကို TNLA က ကန့်သတ်လိုက်တယ်လို့ ဒေသခံတွေက RFA ကို ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ပြောပါတယ်။

လေကြောင်းအန္တရာယ်ကာကွယ်ဖို့ စတားလင့် အင်တာနက်နဲ့ CDMA ဖုန်းလိုင်းတွေကို ယာယီပိတ်မှာ ဖြစ်တယ်လို့ ကျောက်မဲမြို့ TNLA အုပ်ချုပ်ရေးဌာနကလည်း ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကျောက်မဲမြို့မှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတာကြောင့် မိသားစုအတွက် စိတ်ပူရနေတယ်လို့ ကျောက်မဲမြို့ကနေ ရှမ်းပြည်နယ်တောင်ပိုင်းကို ပြောင်းရွှေ့လာတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

“ဖုန်းလိုင်းတွေက လုံးဝမရတော့ဘူးပေါ့နော်။ အရင်က CDMA ရတဲ့နေရာကနေ အဆက်အသွယ်ရသေးတယ်။ အခုတော့ လုံး၀ မရတော့ဘူး။ မိသားစုတွေအတွက် စိတ်ပူတာပေါ့နော်။ နောက်ထပ် ဗုံးလာကြဲမလားဆိုတာ လည်း စိတ်ပူနေရတာက တစ်မျိုးပေါ့နော်။ အိမ်ပြန်လို့ရပြီဆိုပြီး အိမ်ကလူတွေ ပြန်သွားတာ မကြာသေးဘူး”

စစ်ကောင်စီတပ်က ကိုးကန့်တပ်မတော် (MNDAA) နဲ့ အပစ်ရပ်ပြီးနောက် TNLA ထိန်းချုပ်ဒေသ မိုးကုတ်၊ ကျောက်မဲ၊ နောင်ချိုမြို့တွေကို နေ့စဉ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

ဒါကြောင့် TNLA က လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ကျောက်မဲမြို့အပြင် မိုးကုတ်၊ နောင်ချိုနဲ့ သီပေါမြို့တွေမှာ ဖုန်းနဲ့ အင်တာနက် အသုံးပြုခွင့်ကို ဆက်လက် ကန့်သတ်ထားတယ်လို့ ဒေသခံတွေ ကပြောပါ တယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ဘာကြောင့်ဆက်ရှိနေသလဲဆိုတာ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

TNLA ထိန်းချုပ်ဒေသတွေမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သား ၁၃ ဦး ထက်မနည်း သေဆုံးတဲ့အပြင် အယောက် နှစ်ဆယ်ကျော် ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအဖွဲ့ တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။