ကျောက်ဖြူမြို့နယ်မှာ အစိမ်းရောင်ကဒ်တွေ ထုတ်ပေး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် က ကျောက်တစ်လုံးမွတ်စလင် ဒုက္ခသည်စခန်းမှာ အစိုးရက အစိမ်းရောင် NVC (National Verification Card) နိုင်ငံသားစိစစ်ရေး သက်သေခံကဒ်ပြားတွေကို ထုတ်ပေးနေရာ လူပေါင်း ၄ဝဝ ကျော် ထုတ်ယူပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ကစပြီး ၃ ရက်အတွင်း ဒုက္ခသည် ၄ဝဝ လောက် ထုတ်ယူထားတယ်လို့ ကျောက်တစ်လုံး မွတ်စလင် ဒုက္ခသည်စခန်းကြီးကြပ်ရေး ကော်မတီဝင်တစ်ဦးဖြစ်သူ ကိုဖြူချေ က ပြောပါတယ်။

"အင်္ဂါနေ့က လူဦးရေက ၈၅ ပါ၊ ဗုဒ္ဓဟူူးနေ့က ၁၄ဝ ပါ၊ ဒီနေ့က ၁၉ဝ ခန့် ပြီးနေပါပြီ၊ ဝှိုက်ကဒ်ကို သိမ်းပြီးနောက်ပိုင်းမှာ ပြေစာလေးတွေ ပေးပါတယ်၊ အဲ့ဒီပြေစာရှိတဲ့လူကို အခု NVC ပေးပါတယ်"

အစိုးရက ထုတ်ပေးနေတဲ့ NVC ကဒ်တွေ ထုတ်ယူထားသူတွေကို လူဝင်မှုကြီးကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံရေး ဦးစီးဌာနက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ ဆက်လက်စိစစ်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ကစပြီး ကျောက်ဖြူမြို့နယ်နဲ့ မြေပုံမြို့နယ်မှာ မွတ်စလင်လူဦးရေစိစစ်ပြီး အစိမ်းရောင် NVC ကဒ်တွေကို ထုတ်ပေးနေတာဖြစ်ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်က မွတ်စလင်တွေက NVC ကဒ်ထဲမှာ လူမျိုးနဲ့ ကိုးကွယ်တဲ့ဘာသာတွေကို ထည့်ခွင့်မရလို့ဆိုပြီး ကန့်ကွက်မှုတွေရှိခဲ့တာကြောင့် လူဦးရေစာရင်းကောက်ယူတာကို တစ်ပတ် ရပ်နားထားရပါတယ်။