ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းရွာမှာ တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေသခံ ၂၇၅ ယောက်ထဲက ၁၂၆ ယောက်ကို ဒီနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ နေပြည်တော်မှာပြုလုပ်တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
ဖမ်းဆီးထားတဲ့သူတွေထဲမှာ ၁၂ဝ ကျော်ကို ဒီနေ့မနက်မှာ ပြန်လွှတ်ပေးလိုက်ပြီး ကျန်ရှိတဲ့သူတွေထဲက စစ်ဆေးမေးမြန်းတာတွေ ဆက်လက်ပြုလုပ်ပြီး AA အဖွဲ့ဝင်တွေ၊ AA အမာခံတွေကို တရားဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ဒီဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေဟာ မေလ နှစ်ရက်နေ့မနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ထံ ညာသံပေးကာ သေနတ်ဝင်လုခဲ့တာကြောင့် လုပ်ထုံးလုပ်နည်းအတိုင်း အဆင့်ဆင်လုပ်ကာ သေနတ်နဲ့ပစ်ခတ်လူစုခွဲခဲ့ရပြီး ခြောက်ဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိတဲ့သူတွေကို စစ်တွေဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူ ခြောက်ဦး အလောင်းတွေကို မိသားစုတွေထံ ဒီနေ့မနက်မှာပြန်ပေးခဲ့ပြီး သူတို့သဂြိၤုလ်ပြီးတဲ့အထိ တပ်မတော်က ကူညီပေးခဲ့တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
သေဆုံးသူ ခြောက်ဦးအတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က နစ်နာကြေး တစ်ဦးကို ငွေကျပ် သုံးသိန်းစီ ထောက်ပံ့ပေးခဲ့တယ်လို့လည်း သိရပါတယ်။
တပ်မတော်က AA အဖွဲ့ရဲ့ လေ့ကျင်ရေးစခန်းတစ်ခုကို သိမ်းယူပြီးနောက် AA တပ်ဖွဲ့ဝင်တွေဟာ ကျောက်တန်းကျေးရွာကို ဝင်ရောက်ထွက်ပြေးတာတွေရှိတာကြောင့် တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေကာ ဒေသခံမဟုတ်တဲ့ ၂၇၅ ယောက်ကို ထိန်းသိမ်းစစ်ဆေးခဲ့တာလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက AA အဖွဲ့က ဖမ်းဆီးထားတဲ့ ဒေသခံ ရွာသား ၁၃၄ ယောက်ရှိတယ်လို့ RFA ကို ပြောပါတယ်။
တဆက်တည်းမှာပဲ သတင်းမီဒီယာတွေမှာ တပ်မတော် ဂုဏ်သိက္ခာကျဆင်းအောင် မဟုတ်မမှန် ရေးသားတဲ့တာတွေရှိတဲ့အတွက် တပ်မတော်ကို အထင်လွဲမှား နိုင်တာကြောင့် ဥပဒေကြောင်းအရ တရားစွဲဆိုတာတွေရှိပြီး ပြည်သူတွေကို တရားမစွဲဘူးလို့ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။
အဲဒီလို သတင်းမီဒီယာတွေအပါအဝင် တပ်မတော်က တရားစွဲဆိုထားတာတွေနဲ့ ပတ်သက်ပြီး တရားစီရင်ရေးမှာ ဝင်ရောက်စွတ်ဖက်တာတွေမရှိဘဲ တရားဥပဒေအတိုင်း လိုက်နာသွားမယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် AA ကို NCA လမ်းကြောင်းအတိုင်း ဝင်ရောက်ဆွေးနွေးဖို့ တံခါးဖွင့်ပေးထားပြီး ရခိုင်ပြည်နယ်မှာ လုံခြုံရေး အာမခံနိုင်တဲ့အထိ လုံခြုံရေးဆောင်ရွက်သွားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောပါတယ်။
ဧပြီ ၁ဝ ရက်နေ့က တပ်မတော်က ဖမ်းဆီးခဲ့တဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် လက္ကာကျေးရွာက ရွာသား ၂၇ ဦးထဲက ၂၄ ဦးကို ရဲတပ်ဖွဲ့ထံ လွှဲပြောင်းခဲ့တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ဒီ ၂၇ ဦးဟာ ပြီးခဲ့တဲ့လက မြောက်ဦးမြို့နယ်က ရဲတပ်ရင်း ( ၃၁ ) ကို ရခိုင့်တပ်မတော် AA က ဝင်ရောက်တိုက်ခိုက်ရာမှာ ပါဝင်တဲ့သူတွေဖြစ်ပြီး စစ်ဆေးချက်တွေအရ AA အဖွဲ့ဝင် ၁၈ ဦး၊အမာခံ ငါးဦးနဲ့ သံသယရှိသူ လေးဦးလို့ ပြောပါတယ်။
ဒီလက္ကာရွာသား သုံးဦး စစ်ဆေးမေးမြန်းစဉ် သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ညှဉ်းပန်းနှိပ်စက်တာကြောင့် သေဆုံးခဲ့တာလားလို့ RFA ကမေးမြန်းရာမှာ ညဉ်းပန်းနှိပ်စက်တာ လုံးဝမရှိဘူးလို့ ငြင်းဆိုပါတယ်။
