ကျောက်တော်မြို့ မီးလောင်မှု ငွေကျပ်သိန်းပေါင်း ၄ ထောင်ကျော် ဆုံးရှုံး
ရခိုင်ပြည်နယ် ကျောက်တော်မြို့ ပြည်တော် သာရပ်ကွက် စိုက်ပျိုးရေးသိပ္ပံကျောင်းအနီး က ဆီဆိုင်တန်းမှာ မနေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီး သွပ်မိုး ဝါးကာ ဆီဆိုင်ခန်း ၄၁ ခန်း၊ လက်ဖက်ရည်ဆိုင် ၄ ခန်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
-
2017-03-16 -
-
-
ရခိုင်ပြည်နယ် ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက် စိုက်ပျိုးရေးသိပ္ပံကျောင်းအနီးက ဆီဆိုင်တန်းမှာ မနေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီး သွပ်မိုးဝါးကာ ဆီဆိုင်ခန်း ၄၁ ခန်း၊ လက်ဖက်ရည်ဆိုင် ၄ ခန်း မီးလောင်ပျက်စီးဆုံးရှုံး ခဲ့ပါတယ်။
ပြည်တော်သာရပ်ကွက်နေ ဦးထွန်းမြင့်ဆီဆိုင်မှာ ဆီဘောက်ဆာကားကနေ အပ်ကြိုးမချဘဲ အပူချိန်ရှိနေတဲ့ ဆီပေပါတွေကို ဆီထည့်ရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာလို့ ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့ ညွှန်ကြားရေးမှူး ဦးသော်ဒါက ပြောပါတယ်။
"ဖြစ်စဉ်က နေပူထဲထားတဲ့ ပေပါတွေကို ယူလာပြီးတော့ ဆီပေပါလှည့်လိုက်တဲ့အချိန်မှာ အထဲကအပူငွေ့တွေနဲ့ သူ့အလိုလိုထပြီး မီးထတောက်လာတယ်၊ အကုန်ထွက်ပြေးကြတယ်"
မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် သိန်းပေါင်း ၄၉၀၀ ခန့်ရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ခန့်မှန်း ပါတယ်။
မီးစတင်လောင်ကျွမ်းချိန်မှာ ဆိုင်ပိုင်ရှင်တွေ အားလုံးထွက်ပြေးသွားပြီး ဆက်သွယ်မရတာကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို အနီးစပ်ဆုံးဖြစ်အောင် အတည်ပြုခဲ့ရတယ်လို့လည်း ပြောပါတယ်။
အဲဒီမီးလောင်မှုမှာ ဒီဇယ်၊ ဓာတ်ဆီပေပါပေါင်း ၂၅၀၀၊ အင်ဂျင်ဝိုင်ပေပါပေါင်း ၁၀၀ နဲ့ ဂီယာဝိုင်ပေပါပေါင်း ၅၀ တို့ကို အဓိက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်ပြီး တစုံတစ်ရာ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။
ဒီမီးလောင်မှုနဲ့ပတ်သက်ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ ဆီဆိုင်ပိုင်ရှင် ဦးထွန်းမြင့် ကို အမှုဖွင့်အရေးယူထားတယ် လို့ သိရပါတယ်။
မနေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့ အဲဒီဆီဆိုင်တွေဟာ မြို့အဝင်ဝမှာ ဆိုင်ခန်းငယ်တန်းလျားတွေနဲ့ ဖွင့်လှစ်ရောင်းချနေကြတာဖြစ်ပြီး လူနေရပ်ကွက်နဲ့ မနီးမဝေးနေရာမှာ တည်ရှိတာဖြစ်ပါတယ်။