ကျောက်တော်မြို့တွင်း ပစ်ခတ်မှု တပ်နဲ့ AA အပြန်အလှန်စွပ်စွဲ

ဝေမာထွန်း
2019.12.31
kyauktaw-622.jpg ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း မနေ့ညက လက်နက်ကြီး၊ လက်နက်ငယ်ကျည်တွေ ကျရောက်ခဲ့မှုနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့က နှစ်ဖက်အပြန်အလှန် အပြစ်တင်နေကြပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်မှာ မနေ့ညက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ တာကြောင့် ဒေသခံတွေရဲ့ နေအိမ်တချို့ ထိခိုက်ပြီး ဒီနေ့မနက်မှာတော့ မြို့ပေါ်မှာ ဈေးဆိုင်တွေပိတ်၊ လမ်းပေါ် မှာ လူသူကင်းမဲ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့တွင်းမှာ မနက်ပိုင်းအထိ တပ်မတော်သားတွေ သွားလာနေကြပြီး ဒေသခံတွေက ပစ်ခတ်မှုပြန်ဖြစ်မှာကို စိုးရိမ်မှုနေကြတယ်လို့ ကျောက်တော်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)  ပြည်နယ်လွှတ်တော် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်လှကျော်က ပြောပါတယ်။

“မနက်ပိုင်းဆိုရင်လည်း မြို့ထဲကို တပ်မတော်သားတွေက သွားနေတာပဲ။ ကျနော်တို့ ပြည်သူလူထုအနေနဲ့ ကတော့ စိုးရိမ်နေတာပေါ့။ အိမ်ကိုပစ်တာတို့၊ လမ်းမှာသွားနေတဲ့သူတွေကို ရိုက်မလား။ မြို့သူမြို့သားတွေလည်း ဈေးကို ပိတ်ထားလိုက်ကြပြီ။ တဖက်က တိုက်တယ်လို့ပဲ ပြောတယ်။”


မနေ့ကည ၇ နာရီခွဲလောက်ကနေ မနက် ၄ နာရီလောက်အထိ ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

RPG က ကျနော့်အိမ်ရှေ့တည့်တည့် ခြံစည်းရိုးနားမှာကျတာ

ရခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ကတော့ မနေ့ကည ၇ နာရီခွဲမှာ ၁၅ မိနစ်လောက်ကြာအောင် ပစ်ခတ်မှုတွေ ရှိခဲ့တာလို့ဆိုပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးက တပ်မတော်က လုံခြုံရေးရယူထားတဲ့ မြန်မာစီးပွားရေးဘဏ်နဲ့ ဌာနဆိုင်ရာ အဆောက်အအုံတွေနားကို AA က လက်နက်ကြီးတွေနဲ့ တဖက်သတ်ပစ် ခတ်ခဲ့တာဖြစ်ပြီး တပ်မတော်ဘက်က အထိအခိုက်မရှိတာကြောင့် တစ်စုံတစ်ရာ မတုံ့ပြန်ခဲ့ဘူးလို့ ပြောပါတယ်။

“ကျောက်တော်မှာ မြို့လုံခြုံရေးလုပ်နေတဲ့ လုံခြုံရေး တပ်ဖွဲ့တွေရှိတယ်။ ပုဂ္ဂလိကဘဏ်တွေရှိတယ်။ အစိုးရဘဏ် တွေရှိတယ်။ အဓိကကတော့ အုပ်ချုပ်မှုယန္တရားတွေဆောင် ရွက်နေတဲ့ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းတွေ ရှိတာပေါ့။ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းတွေ လုံလုံခြုံခြုံနဲ့ နေနိုင်အောင်ဆိုပြီး ကျနော်တို့က ဌာနဆိုင်ရာနဲ့ ကျန်တဲ့ အဆောက်အဦတွေကို လုံခြုံရေးဆောင်ရွက်ပေးနေပါတယ်။ လုံခြုံရေးဆောင်ရွက်ပေးနေတဲ့ တပ်ဖွဲ့ဝင်တွေကို မနေ့က AA က ၇ နာရီခွဲလောက်မှာ လာပြီးတော့ပစ်တာ။ AA ကလာပစ်တာ။ ကျနော်တို့ တချက်မှ ပြန်မပစ်ဘူး။ ကျနော်တို့ မနေ့ညကဖြစ်ခဲ့လို့ရှိရင် ကျောက်တော်မြို့ကြီး ပြာကျသွားပြီပေါ့။”

ရခိုင့်တပ်တော် AA က ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကလည်း အစိုးရတပ်မတော်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ မြို့ထဲကို ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်ပြီး AA ဘက်က ပြန်လည်ပစ်ခတ်တာ မရှိခဲ့ဘူးလို့ ပြောပါတယ်။AA ပြောခွင့်ရသူ ခိုင်သုခ

“ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ည ၇ နာရီခွဲကနေပြီးတော့ ၇ နာရီ ၄၀ အထိ ၁၀ မိနစ်ကြာအောင် မြန်မာစစ်တပ် ဘက်ကနေပြီး လက်နက် ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကို ကျောက်တော် မြို့အတွင်းမှာလုပ်ခဲ့တာရှိတယ်။ အထက (၂) ရယ်၊ ရွှေကျောင်းရယ်၊ ရဲစခန်း အဲဒီ ၃ နေရာကနေ လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ တပြိုင်နက်တည်း ပစ်ခတ်ခဲ့တာဖြစ်တယ်။ ဒေသခံပြည်သူတွေကို အကြောက်တရားတွေ လွှမ်းမိုးလာ အောင်၊ အိမ်တွေ၊ ရွာတွေမှာ မနေရဲအောင် ခြောက်လှန့်ပစ်ခတ်တာလို့ပဲ ကျနော်တို့က နားလည် တယ်။”


လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မြို့ခံတွေကို မေးမြန်းကြည့်ရာမှာ  ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ အတိအကျ မသိဘူးလို့ သူတို့က ပြောပါတယ်။

ကျောက်တော်မြို့ သာသနာ့ဗိမ္မာန်နဲ့ အလယ်တန်းကျောင်းနားတဝိုက် လက်နက်ကြီး၊ လက်နက်ငယ်ကျည်တွေ ကျရောက်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

မနေ့က ပစ်ခတ်မှုကြောင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ နေအိမ် သုံးလုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

ပစ်ခတ်မှုတွေကြောင့် ဒေသခံအဘွားအိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းက ကျောက်တော်မြို့အဝင်ဝက ကံကြီးရှင်ဘုရားမှာ နေရာယူထားတဲ့ တပ်မတော်ကို AA က RPG လောင်ချာနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။ တပ်က ဒေသခံတွေကို လမ်းမှာ တားဆီး စစ်ဆေးတဲ့အတွက် ပစ်ခတ်တာလို့ ဆိုပါတယ်။

အခုလ ၂၈ ရက်နေ့က ကျောက်တော်မြို့၊ ရွှေမင်းဂံရပ်ကွက်အတွင်းက နေအိမ်တစ်လုံးရှေ့ကို RPG ဗုံးသီးတစ်လုံး ကျရောက်ခဲ့ပြီး မြေကြီးထဲစိုက်ဝင်နေတဲ့အတွက် ပေါက်ကွဲသွားမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။

အဲဒီဗုံးသီးကို ဖယ်ရှားပေးဖို့ ဒေသခံတွေက လိုလားနေကြတယ်လို့ RPG ဗုံးသီး စိုက်ဝင်နေတဲ့နေအိမ်ရဲ့ ပိုင်ရှင်က ပြောပါတယ်။

“စိုးရိမ်နေကြတာ။ အဲဒါကြောင့်မို့လို့ သတင်းကနေတဆင့် ကျနော်တို့ကို ကူညီပေးစေချင်တာ။ ပတ်ဝန်းကျင် ရှိတယ်ဗျာ။ မြို့ထဲမှာဖြစ်တယ်။ အဲ RPG က ကျနော့်အိမ်ရှေ့တည့်တည့် ခြံစည်းရိုးနားမှာကျတာ”


အဲဒီနေအိမ်ဟာ စိုက်ပျိုးရေးသိပ္ပံကျောင်းနောက်ဘက်မှာရှိတာပါ။ မြေပြင်မှာ စိုက်ဝင်နေတဲ့ RPG ဗုံးသီးကို ဘယ်အဖွဲ့အစည်းက ပစ်ခတ်ခဲ့ဆိုတာကိုတော့ မသိဘူးလို့ ဆိုပါတယ်။

ရခိုင့်တပ်တော်ရဲ့ ပြောကြားချက်အရမနေ့က ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်နဲ့ မင်းပြားမြို့နယ်တွေ မှာ မြန်မာတပ်မတော်ဘက်က ပစ်ခတ်မှုတွေရှိခဲ့တယ်ဆိုတဲ့ AA ရဲ့ စွပ်စွဲချက်ကို  တပ်မတော်ပြောရေးဆိုခွင့်ရှိသူ က ပယ်ချလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။