ကျုံဒိုးမှာ လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရ

ကရင်ပြည်နယ်က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆ ) ထိန်းချုပ်နယ်မြေ ကျုံဒိုးမြို့နယ် ကရင်ကျောက်ဖျာရွာမှာ ဩဂုတ်လ ၁၂ ရက်၊ မနက် ၁၀ နာရီဝန်းကျင်က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဩဂုတ်လ ၁၄ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ - ၅၄၅ က ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ် ။ ဒီပစ်ခတ်မှုကြောင့် အသက် ၅၃ နှစ်အရွယ် နော်ချစ်သန်းနဲ့ အသက် ၆၉ နှစ် အရွယ် ဦးတလက်မ တို့ ဒဏ်ရာရရှိခဲ့တာပါ။

ဒီ့အပြင် နေအိမ်တစ်လုံးနဲ့ လယ်ထွန်စက်တစ်စီးလည်း ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးစောခင်မောင်မြင့်ကတော့ ဒီလို လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ သတင်းတွေကို သူ မသိဘူးလို့ သြဂုတ်လ ၁၄ ရက်မှာ RFA ကို ပြောပါတယ်။

KNU တပ်မဟာ (၆) နယ်မြေမှာ စစ်ကောင်စီတပ်က ဇူလိုင်လအတွင်း ကျေးရွာတွေကို လက်နက်ကြီးနဲ့ ၅၃ ကြိမ်ထိ ပစ်ခတ်ခဲ့လို့ အသက် ခြောက်နှစ်နဲ့ ရှစ်နှစ်အရွယ် ကလေး နှစ်ဦးအပါအဝင် ဒေသခံကိုးဦး ဒဏ်ရာ ရရှိခဲ့သလို တစ်ဦးသေဆုံးခဲ့တယ်လို့ KNU က ပြောဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်ဟာ KNU ထိန်းချုပ်နယ်မြေတွေကို ထိုးစစ်ဆင်နေပြီး KNU ရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ နှစ်နှစ်ခွဲအတွင်း တိုက်ပွဲ တစ်သောင်း (၁၀,၀၀၀) ကျော် ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သား ခြောက်သိန်း နီးပါးလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။