ကျွန်းလှမြို့နယ်မှာ နယ်မြေရှင်းလင်းမှုကြောင့် ဒေသခံ တစ်သောင်းနီးပါး ထွက်ပြေးနေရ
2024.11.27
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ကျေးရွာ တစ်ဆယ်ကျော်က ဒေသခံတစ်သောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက RFA ကို ဒီနေ့ပြောပါတယ်။
အင်အားနှစ်ရာနီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာလ ၂၀ ရက်နေ့ကတည်းက ကျွန်းလှမြို့နယ်မှာရှိတဲ့ ရွာတွေကို နယ်မြေရှင်းလင်းနေတာလို့ ဆိုပါတယ်။
ဒေသခံတွေဟာ စိုးရိမ်ကြောက်လန့်ပြီး ဒီနေ့အထိ အိမ်မပြန်ရဲကြသေးတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ကျွန်းလှမြို့နယ်က စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတစ်ဦးက RFA ကို ပြောပါတယ်။
"စားနပ်ရိက္ခာကတော့ ဆန်နဲ့ ဆီ၊ ဆားလေး ရရင်ကို အဆင်ပြေကြတယ်။ အခုချိန်က အရမ်းလည်းအေးတော့ ခြုံစောင်ရော၊ ဖျားနာကြသူတွေအတွက် ဆေးဝါးရော လိုအပ်တာပေါ့နော်။ ဖျားနာတဲ့သူတွေက များတော့ ဆေးဝါးက အဓိကလိုနေတဲ့ ပုံစံဖြစ်သွားတယ်။ လုံခြုံရေးစိုးရိမ်တော့ အများစုက အိမ်မပြန်ရဲကြဘူး။ အခြေအနေစောင့်ကြည့်နေကြတာပေါ့"
စစ်ကြောင်းတွေကြောင့် လွှတ်တိုက်၊ မဒေါင်၊ ကုက္ကိုကုန်း၊ ဆွဲလှဲ၊ ကံပေါက် စတဲ့ ကျေးရွာ ဆယ်ရွာထက်မနည်းက ဒေသခံတွေ နီးစပ်ရာရွာတွေနဲ့ ကန့်ဘလူမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ကလည်း ကုက္ကိုကုန်းရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် နေအိမ် နှစ်ဆယ်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို လေကြောင်းကနေလည်း နေ့စဉ်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၃ ဒသမ ၄ သန်းရှိနေပါတယ်။