တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှာ အရပ်သား ၁၇ ဦး အဖမ်းခံရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် မြိုင်သာရွာက ကလေး သုံးဦး အပါအဝင် အရပ်သား ၁၇ ဦးကို စစ်ကောင်စီတပ်က ဇူလိုင် ၂၈ ရက်နေ့က ဖမ်းဆီးသွားပြီး အခု ငါးရက်ကြာတဲ့အထိ ပြန်မလွတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကလေးသုံးဦး၊ အမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား နှစ်ဦးဖြစ်ပြီး PDF တွေကို ထောက်ပံ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံထားရတာလို့ ပြောပါတယ်။ ဆက်သွယ်ရခက်ခဲတာကြောင့် အဖမ်းခံရသူတွေရဲ့ အသက်အရွယ်နဲ့ အမည်ကို အတိအကျ မသိရသေးပါဘူး။

သူတို့အားလုံး မြိတ်မြို့မှာ ကုန်စည်ရောင်းဝယ်ပြီး နေရပ်ကို စက်လှေနဲ့အပြန် ကျွန်းစုမြို့နယ် သဇင်ကျေးရွာ အနီးမှာ နယ်မြေခံ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံလိုက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။

သူတို့ကို ကျွန်းစုမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့သာ သတင်းကြားရပြီး မိသားစုတွေနဲ့ တွေ့ခွင့်မရ တာကြောင့် အခြေအနေ အသေးစိတ်ကို အတိအကျ မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျွန်းစုဒေသခံတစ်ဦးက RFA ကို ဒီနေ့ မွန်းလွဲပိုင်းက ပြောပါတယ်။

“ဘိတ် (မြိတ်) ကနေပြီးတော့ ဆန်၊ ဆီ၊ ဆား ရိက္ခာတွေဝယ်ပြီးတော့ ပြန်လာတဲ့အချိန် အဖမ်းခံရတာပေါ့။ PDF တွေကို ထောက်ပံ့တယ်ဆိုပြီး ဖမ်းတာပေါ့။ သဇင်ရွာနားမှာ ရဲတွေက ဖမ်းတာ။ ဆန်၊ ဆီပါတယ် PDF ကို ထောက်ပံ့ဖို့အတွက် ဝယ်လာတယ်ဆိုပြီး ဖမ်းတယ်လို့ ပြောနေကြတယ်။ သူတို့က မြိုင်သာရွာက လူတွေ။ အခုထိတော့ ပြန်မလွတ်သေးဘူး။ ကလေးသုံးဦး ပါတယ်ကြားတယ်။ သေချာတော့ မသိသေးဘူး။ ကျွန်းစု ရဲစခန်းမှာတဲ့ အဲလို ပြောနေကြတယ်”

နောက်ဒေသခံတစ်ဦးကတော့ အဖမ်းခံရသူ ၁၇ ဦးဟာ မြိုင်သာရွာက အရပ်သားတွေဖြစ်တယ်ဆိုတာနဲ့ အမျိုးသမီး ၁၅ ဦး၊ အမျိုးသား နှစ်ဦး စုစုပေါင်း ၁၇ ဦး ဆိုတာကို လောလောဆယ် အကြမ်းဖျင်း သိထားရတယ်လို့ RFA ကို ပြောပါတယ်။ မိခင်တွေနဲ့အတူ ကလေး သုံးဦး ပါ၊ မပါဆိုတာကို အတည်ပြုနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီက သတင်းမထုတ်ပြန်သေးပါဘူး။ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောရေး ဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးယဉ်ထွေး ကို RFA က ဒီနေ့ ဖုန်းခေါ်မေးမြန်းတဲ့အခါ အစည်းအဝေးရှိနေ တယ်လို့သာ ပြောဆိုပြီး ဖုန်းချသွားပါတယ်။

ဒီရက်ပိုင်း အမြန်ရေယာဉ်တွေပေါ်မှာ ရဲနဲ့ စစ်သားတွေ ပူးပေါင်းပြီး ခရီးသည်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့လည်း နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

“စာရင်းကောက်တာက လူနာမည်ရယ်၊ မှတ်ပုံတင် နံပါတ်ရယ်၊ သွားမယ့် နေရာရယ်၊ ဂိတ်ကနေပြီး ဘယ်က ထွက်ပြီး ဘယ်ကိုသွားမှာလဲ အဲလိုမျိုးပေါ့။ အတိအကျ ကောက်တာ။ ဒီလှေထဲမှာပဲ ကောက်နေကြတာ။ ကျွန်းစု၊ ဘိတ် ဒီဘက်ကနေ ရွာတွေဘက်ထွက်တဲ့ စက်လှေတိုင်းကို ကောက်နေတာ။ အရင်က ဒီလို ကောက်တာ မရှိဘူး။ ဒီရက်ပိုင်းမှ ကောက်နေတာ”

ဒေသခံ ၁၇ ဦး ဖမ်းဆီးမခံရခင် ဇူလိုင် ၂၅ ရက် ညနေပိုင်းက ကျွန်းစုမြို့နယ် ရှော်တောမော် ကျေးရွာရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇူလိုင် ၂၆ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းချိန်ကစပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်း အကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီးခံထားရသူ ၁၉,၇၁၆ ဦး ရှိပါတယ်။