မြေယာသိမ်းမှုပြဿနာတွေကို အမြန်ဆုံးဖြေရှင်းနိုင်ရေးအတွက် ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်မယ့် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဖဲ့ွစည်းပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့စွဲနဲ့ ဖွဲ့စည်းတာဝန်ပေးလိုက်တာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဒီနေ့ ထုတ်ပြန်တာဖြစ်ပါတယ်။
အဲ့ဒီကော်မတီမှာ ဒုဥက္ကဌတွေအဖြစ် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူတို့က ဆောင်ရွက်မှာဖြစ်ပြီး အတွင်းရေးမှူးအဖြစ် ပြည်ထဲရေး ဒုတိယဝန်ကြီးက တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။
အဖွဲ့ဝင်တွေအဖြစ် ကာကွယ်ရေးဝန်ကြီး၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ စက်မှုဝန်ကြီး ၊ ဆောက်လုပ်ရေးဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဌ၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်အားလုံး ပါဝင်ပါတယ်။
ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေထဲမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ ကုမ္ပဏီတွေ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေဘက် က ပြန်လည်စွန့်လွှတ်တဲ့ လယ်ယာမြေတွေကို မူလလုပ်ကိုင်ခဲ့သူတွေထံ လုပ်ထုံးလုပ်နည်းနဲ့အညီ အမြန်ဆုံးပေး အပ်နိုင်ရေး၊ မြေယာအငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး မြေယာပြဿနာဖြေရှင်းရေး၊ ကော်မတီအဆင့်ဆင့် ရဲ့ ဆောင်ရွက်ချက်တွေဟာ တည်ဆဲဥပဒေတွေနဲ့ ညီ မညီ စိစစ်နိုင်ရေး၊ ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းအတွင်း တင်ပြခဲ့တဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူတွေ နစ်နာမှုမရှိစေရေး စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာပါ မြေသိမ်းမှုတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရဌာနတွေ ရဲ့ ဖြေရှင်းဆောင်ရွက်မှုတွေကို ကြီးကြပ်ဆောင်ရွက်နိုင်ရေးတို့ ဖြစ်ပါတယ်။
ဒါ့အပြင် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်ဆင့်မှာ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီတွေကို တိုးချဲ့ဖွဲ့စည်းဖို့လည်း ပါဝင်ပါတယ်။
လက်ရှိအစိုးရဟာ လယ်ယာမြေအငြင်းပွားမှုပြဿနာတွေကို အထူးဦးစားပေးပြီး အမြန်ဆုံးဖြေရှင်းနိုင်ရေးအတွက် ကြိုးစားနေကြောင်းနဲ့ လယ်ယာမြေသိမ်းဆည်းတာတွေကို ရပ်ဆိုင်းထားဖို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သိမ်းယူခံထားရတဲ့ လယ်ယာမြေဧက (၅)သန်းနီးပါးရှိတယ်လို့ ပြည်သူ့လွှတ်တော် တောင်သူ လယ်သမား၊ အလုပ်သမား နဲ့ လူငယ်ရေးရာကော်မတီ ဥက္ကဌ ဦးစိန်ဝင်း က ပြောထားပါတယ်။
