ရေဦးမှာ ခရီးသည်တင်ယာဥ် မိုင်းထိပြီး အမျိုးသမီးတစ်ဦး သေဆုံး

RFA Burmese
2024.09.18
ရေဦးမှာ ခရီးသည်တင်ယာဥ် မိုင်းထိပြီး အမျိုးသမီးတစ်ဦး သေဆုံး ရေဦးမြို့တွင် မိုင်းပေါက်ကွဲမှုကြောင့် မိုင်းစထိမှန်သွားသည့် ခရီးသည်တင်ယာဥ်အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဥ်။
People’s Defense Comrade

Update 2:00 PM, Sep 18, 2024

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှာ စက်တင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းက ညောင်လှ-ရေဦး-တန့်ဆည် ကားလမ်းပေါ်မှာ ထောင်ထားတဲ့မိုင်းတစ်လုံး ပေါက်ကွဲတာကြောင့် အဲဒီလမ်းပေါ် ဖြတ်သန်းသွားလာတဲ့ ခရီးသည်တင်ယာဥ် မိုင်းစထိမှန်ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့ကလာတဲ့ ခရီးသည်တင်ယာဥ်ဟာ ရေဦးမြို့ရဲ့တောင်ဘက် မူးသာကုံးရွာနဲ့ ဆည်ကြီးရွာကြားမှာ မိုင်းထိခဲ့လို့ ကားပေါ်မှာလိုက်ပါလာတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာလို့ People’s Defense Comrade အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က RFA ကို ပြောပါတယ်။

“ကားက ဖြတ်လာတဲ့အချိန် ရပ်ကျေး ပကဖ ရဲဘော်တွေ ထောင်ထားတဲ့မိုင်းက သူ့အလိုလို Error (အမှားအယွင်း) ဖြစ်ပြီးတော့ ထပေါက်ကွဲသွားတယ်ဗျ။ ကားလာတဲ့အချိန်နဲ့ တိုက်ဆိုင်ပြီးတော့ ဖြစ်သွားတာပေါ့။ ကားခေါင်းထဲက လိုက်လာတဲ့တန့်ဆည်နယ်ထဲက အမျိုးသမီး ညာဘက်မျက်ခမ်းမှာ မိုင်းစထိမှန်ပြီးတော့ နေရာမှာတင် သေဆုံးသွားတယ်ဗျ။ ကျန်တဲ့ နောက်က ခရီးသည်တွေကတော့ ဘာမှမဖြစ်ဘူး”

လက်ရှိ ပေါက်ကွဲခဲ့တဲ့မိုင်းဟာ ရေဦးမြို့ပေါ်ကနေ ထွက်လာမဲ့ စစ်ကောင်စီတပ် စစ်ကြောင်းရန်ကိုကာကွယ်ဖို့အတွက် ထောင်ထားတာဖြစ်ပြီး ရာသီဥတုဒဏ်တွေကြောင့် အလိုလို ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ သူက ပြောပါတယ်။

မိုင်းကွင်းတွေ ရှိနေတာကြောင့် ရေဦး-မန္တလေး ကားလမ်းပိုင်းမှာ မောင်းနှင်သွားလာနေတဲ့ယာဥ်တွေအနေနဲ့ သတိပြုမောင်းနှင်ပေးကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အသိပေးပါတယ်။

ရေဦးမြို့ပေါ်မှာတော့ ဒီရက်ပိုင်းအတွင်း ဖမ်းဆီးမှုတချို့ ရှိနေသလို ဒီပဲယင်း မြို့သိမ်းတိုက်ပွဲနောက်ပိုင်း ရေဦး-မန္တလေး ကားလမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်ဂိတ်တွေက စစ်ဆေးရေးတွေ ပိုတင်းကျပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက် အကြွင်းအကျန် ပစ္စည်းတွေကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ခြောက်လအတွင်း အရပ်သား ၁၀၂ ဦး သေဆုံးခဲ့ပြီး ၅၉၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ဇူလလိုင်အတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။