ပန်ဝါ မြေရှားသတ္တုလုပ်ကွက်မှာ မြေပြိုပြီး အလုပ်သမားတစ်ဦးပျောက်ဆုံး

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့က မြေရှားသတ္တုတူးဖော်တဲ့လုပ်ငန်းတစ်ခုမှာ သြဂုတ်လ ၇ ရက် နေ့လယ်က မြေပြိုတဲ့အတွက် အလုပ်သမားတစ်ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပျောက်ဆုံးနေသူက မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်က အသက် ၂၈ နှစ်အရွယ် ကိုဇော်ဒိန်ဆိုင်းလတ် ဆိုသူဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"သူတို့က ဘေးကျင်းဖောက်တာ။ အပေါ်က မြေပြိုလာတော့ မြေအောက် ရောက်သွားတာ။ သူနဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့။ သူငယ်ချင်းတစ်ယောက်တော့ လွတ်သွားတယ်။ ဆိုင်းလတ်က ပါသွားတာ အခုထိ အလောင်းရှာမရသေးဘူး"

အဲဒီလုပ်ကွက်နေရာမှာ မနေ့က မြေပြိုမှု သုံးကြိမ်ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ပထမဆုံးအကြိမ်မြေပြိုမှုမှာပဲ ကိုဇော်ဒိန်ဆိုင်းလတ် မြေပိပြီး ပျောက်ဆုံးသွားတာလို့ ဆိုပါတယ်။

မြေပြိုတဲ့နေရာဟာ ပန်ဝါမြို့ကနေ ဆိုင်ကယ်နဲ့ တစ်နာရီလောက်သွားရတဲ့ အမှတ် (၃) လုပ်ကွက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၅ ရက် ညကလည်း ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့၊ ဇွတ်လန်ရွာမှာရှိတဲ့ မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တစ်ခုမှာ မြေပြိုကျပြီး သတ္တုတူးဖော်တဲ့ အလုပ်သမား လူငယ် နှစ်ဦး သေဆုံးခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပန်ဝါမြို့အနီးတစ်ဝိုက်မှာ မြေရှားသတ္တုတူးဖော်မှုတွေ ပိုလုပ်လာပါတယ်။ ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့ခဲ့တဲ့ မြေရှားသတ္တု အမေရိကန်ဒေါ်လာသန်း ၈၀၀ ကျော်ဖိုးရှိခဲ့ပြီး၊ ၂၀၂၂ ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး ရှိခဲ့ပါတယ်။ အခု ၂၀၂၃ ခုနှစ်မှာတော့ ပထမခြောက်လမှာတင် ဒေါ်လာ သန်း ၈၀၀ ဖိုးရှိနေပြီလို့ တရုတ်အကောက်အခွန်ဌာန (China Customs) ရဲ့စာရင်းတွေအရ သိရပါတယ်။