လားရှိုးမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှု တစ်ဦးသေဆုံး၊ ၁၅ ဦးခန့် ဒဏ်ရာရ

RFA Burmese
2024.09.23
လားရှိုးမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှု တစ်ဦးသေဆုံး၊ ၁၅ ဦးခန့် ဒဏ်ရာရ လားရှိုးမြို့အား စစ်ကောင်စီတပ်မှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။
လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဓာတ်ပုံ

ကိုးကန့်တပ်မတော် (MNDAA ) သိမ်းပိုက်ထာတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် ၁ နာရီခွဲ အချိန်မှာ လားရှိုးမြို့ ရပ်ကွက် (၂) က ရထိုက် ဟိုတယ်နဲ့ ဖူလီလိုက် ဟိုတယ်တွေကို ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချခဲ့တာပါ။ မနက် ၄ နာရီ အချိန်မှာလည်း အဲဒီဟိုတယ်တွေအနီးကို လေကြောင်းကနေ ဗုံးနှစ်လုံး ထပ်မံကြဲချတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“နှစ်ကြိမ်ကို လေးလုံးကြဲသွားတာ။ အဲဒီနေရာတွေပဲ။ ဟိုတယ်တွေတော့ အတော်ပျက်စီးသွားတယ်။ နောက်တစ်ကြိမ်လာတာ လပ်ကီး ရွှေဆိုင်အိမ်လည်း ထိတယ်။ အဲနားက အမျိုးသမီးတစ်ယောက် သေတယ်။ ဒဏ်ရာရတဲ့သူက ဆယ့်ငါးဦးလောက်ရှိတယ်”

ဒဏ်ရာရတဲ့သူတွေဟာ ဟိုတယ်အနီးတစ်ဝိုက်က နေအိမ်တွေမှာ နေထိုင်သူတွေဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး စတဲ့ အရေအတွက်အတိအကျနဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေးဘူးလို့ သူက ပြောပါတယ်။ ဒဏ်ရာရတဲ့သူတွေကို MNDAA က နီးစပ်ရာ ဆေးရုံတွေကို ပို့ဆောင်ပေးထားလို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

MNDAA က လားရှိုးမြို့ကို သိမ်းပိုက်ပြီးနောက်ပိုင်း သြဂုတ်လ ၃၀ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က လားရှိုးမြို့ကို လေကြောင်းကနေ ငါးကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးအပါအဝင် နှစ်ဦး သေဆုံးခဲ့ပြီး အရပ်သား နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။

MNDAA ဘက်ကတော့ စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်မြှင့်တင်ရေး ဆောင်ရွက်နေသူတွေရဲ့ ကြိုးပမ်းမှုကို ထိခိုက်စေတယ်လို့ စက်တင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။