လားရှိုးမှာ အုပ်စုနဲ့ ဓါးခုတ်မှု ထပ်မံဖြစ်ပွား


2016.09.10
shan-state-police-620.jpg လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာမှာ စက်တင်ဘာလ ၉ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ဓါးခုတ်မှုနဲ့ပတ်သက်ပြီး ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှာ စက်တင်ဘာလ ၁ဝ ၇က်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာမှာ မနေ့ကဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ဓါးခုတ်မှု တရားခံတွေ ဟာ တရုတ်လူမျိုးတွေ ဖြစ်နိုင်ကြောင်းနဲ့ တရားခံတွေကို အမြန်ဆုံးဖမ်းဆီးနိုင်ရေးအတွက် ဝိုင်းဝန်းဆောင် ရွက်ပေးကြဖို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့ ဓါးခုတ်မှုနဲ့ပတ်သက်ပြီး ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ လားရှိုးမြို့ အမှတ် ၁ ရဲတပ်ဖွဲ့က စခန်းမှူး ဒုတိယရဲမှူး ကျော်နိုင် က လူငယ် ၅ ဦးကို အုပ်စုဖွဲ့ပြီး ဓါးနဲ့ခုတ်သူတွေဟာ တရုတ်စကားပြောသူတွေဖြစ်တယ်လို့ ပြောပါတယ်။

"လွတ်သွားတဲ့ကလေး ၂ ယောက် ဆိုင်ကယ်က ဘီးပေါက်သွားတယ်၊ ပေါက်တော့ပြန်လှည့်လာတယ်၊ ဘီးပေါက်တဲ့ဆိုင်ကယ်က ရှေ့ကမောင်းတယ်၊ မပေါက်တဲ့ဆိုင်ကယ်မှာ အခုဆုံးတဲ့ကလေးရယ်၊ ဒဏ်ရာရတဲ့ကလေးရယ်၊ နောက်ဆုံးမှာထိုင်တဲ့ကလေး ၃ ယောက်တစ်စီး ဆိုင်ကယ်အကောင်းက နောက် ကစီးတယ်၊ ရှေ့ကဘီးပေါက်တဲ့ဆိုင်ကယ်ကို သူတို့ကလွှတ်လိုက်တယ်၊ ပြောလိုက်သေးတယ် တရုတ်လို၊ မင်းတို့ကငယ်သေးတယ်၊ တရုတ်လိုပြောတာ၊ တရုတ်လိုပြောတာဖြစ်တဲ့အတွက် တရုတ်လူမျိုးပေါ့"

ဓါးနဲ့ခုတ်ခံရသူ လူငယ် ၅ ဦးထဲက တစ်ဦး သေဆုံးပြီး တစ်ဦးက ထိခိုက်ဒဏ်ရာရရှိထားတဲ့အတွက် ဆေးကုသခံနေ ပါတယ်။

အဲ့ဒီလိုအုပ်စုဖွဲ့ဓါးခုတ်မှုတွေဟာ လားရှိုးမြို့ပေါ်မှာ ဒီနှစ်အတွင်း ၈ မှုအထိရှိနေပြီဖြစ်ပြီး ကျူးလွန်သူ ၂၂ ဦးကို ဖမ်းမိထားပေမယ့် အမှုနဲ့ဆက်စပ်သူ ၁၉ ဦးနီးပါး လွတ်မြောက်နေပါတယ်။

ဒီနေ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဓါးနဲ့ခုတ်သူတွေဟာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ဖြစ်နိုင်တယ်လို့ တင်ပြခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။