လားရှိုးဒေသခံတွေ ငြိမ်းချမ်းရေးတောင်းဆို

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ ရှမ်း၊ ကချင်နဲ့ တအောင်းလူငယ်အဖွဲ့တွေ ဦးဆောင်ပြီး လူအင်အား တစ်ထောင်လောက်က ဒီနေ့ ဆန္ဒပြတောင်းဆို ကြပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဒေသခံ တိုင်းရင်းသားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ များလာတဲ့အတွက် ဆန္ဒပြတာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ရှမ်းလူငယ်ကွန်ရက်က ကိုစိုင်းနော်ဆိုင် က ပြောပါတယ်။

"ရှမ်းပြည်မြောက်ပိုင်းမှာ ၂၀၁၄ မေလ နောက်ပိုင်းမှာ ကျနော်တို့လေ့လာရသလောက်ကတော့ တိုက်ပွဲမရှိတဲ့ လဆိုတာ မရှိသလောက်ပဲ ဒီတိုက်ပွဲတွေကြောင့်ပဲ တိုင်းရင်းသားတွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရ မှုတွေက အရမ်းများလာတော့ ကျနော်တို့လူငယ်တွေက အားလုံးဝိုင်းပြီးတိုင်ပင်ပြီးတော့ ဒီလိုလုပ်မှပဲဆိုတဲ့ အနေအထားမျိုးနဲ့ ကျနော်တို့ ဒါကိုစပြီးလုပ်တာပါ"

လက်နက်ကိုင်တပ်ဖဲ့ွအချင်းချင်းဖြစ်တဲ့ ပဋိပက္ခကနေ လူမျိုးရေး ပဋိပက္ခပုံစံ ဖြစ်မလာစေဖို့ လူငယ်ထုကြားမှာ နားလည်မှုယူထားပြီး နောက်ပိုင်းမှာလည်း တွေ့ဆုံဆွေးနွေးကြဖို့ အစီအစဉ်ရှိတယ်လို့ ကိုစိုင်းနော်ဆိုင်က ပြော ပါတယ်။

ဆန္ဒပြပွဲမှာ ရှမ်းလူငယ်ကွန်ရက်၊ ကချင်လူငယ်အဖွဲ့နဲ့တအာင်းလူငယ်အဖွဲ့တွေ ခေါင်းဆောင်ပြီး အရပ်ဘက် အဖွဲ့အစည်းတွေလည်း ပါဝင်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ မေလက ဖြစ်ပွားခဲ့တဲ့ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ တိုက်ပွဲတွေကြောင့် ဒေသခံ ၅ ဦးထပ်မနည်း မီးရှို့သတ်ဖြတ်ခံရသလို လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာမှာ လည်း ပြီးခဲ့တဲ့ ဇွန်လက ရွာသား ၇ ဦး အသတ်ခံခဲ့ရပါတယ်။

ဒါ့အပြင် အစိုးရနဲ့ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့လက်မှတ်မရေးထိုးရသေးတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်တွေအကြားမှာ လည်း တိုက်ပွဲတွေ မကြာခဏဖြစ်လာပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာတွေ ရှိသလို ဖမ်းဆီးခံ ရတာတွေလည်း ရှိနေပါတယ်။