လက္ကာကျေးရွာသား ၂၄ ဦးကို ချုပ်ရမန်ယူပြီး ဆက်လက်ဖမ်းဆီး

2019-05-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ချုပ်ရမန်ယူပြီး ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မြောက်ဦးမြို့နယ် လက္ကာကျေးရွာသားတွေကို ၂၀၁၉၊ မေ ၁၇ ရက်နေ့က  တွေ့ရစဉ်
ချုပ်ရမန်ယူပြီး ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မြောက်ဦးမြို့နယ် လက္ကာကျေးရွာသားတွေကို ၂၀၁၉၊ မေ ၁၇ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာက AA နဲ့ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က ဖမ်းဆီးစစ်ဆေးခဲ့သူ ၂၄ ဦးကို စစ်တွေမြို့နယ် တရားရုံးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ဈ)၊ ၅၂(က) တို့နဲ့ မနေ့က ချုပ်ရမန်ထပ်ယူပြီး ဆက်လက် ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

မြောက်ဦးမြို့နယ် လက္ကာကျေးရွာကနေ တပ်မတော်ကဖမ်းဆီးစစ်ဆေးစဉ် လူ သုံးဦး သေဆုံးခဲ့ရပြီးနောက် ကျန်ရှိတဲ့ လူ ၂၄ ဦးကို စစ်တွေမြို့နယ် တရားရုံးမှာ မနေ့က ချုပ်ရမန် ထပ်ယူခဲ့ပါတယ်။

တပ်မတော်ကစစ်ဆေးစဉ်မှာ လိုချင်တဲ့ပုံစံအတိုင်းပြောရကြောင်း၊ အဲဒီလိုမပြောရင် ရိုက်နှက်ကြောင်း၊ အမျိုးမျိုးနှိပ်စက်ကြောင်း၊ သံတုတ်တွေနဲ့ပါ ရိုက်နှက်ကြောင်း မနေ့က ရုံးထုတ်စဉ်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

ဧပြီလ ၁၀ ရက်နေ့က လက္ကာကျေးရွာအနီးမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာအတွင်းမှာရှိနေတဲ့ လူ ၂၇ ဦးကို တပ်မတော်က ဖမ်းဆီးပြီး စစ်တွေတပ်နယ်မှာ စစ်ကြောရေးတွေ လုပ်ဆောင်ခဲ့တာပါ။

အဲဒီကာလအတွင်း လူ သုံးဦးသေဆုံးခဲ့ပြီး အဲဒီအထဲက အသက် ၂၅ နှစ်အရွယ် ကိုဇော်မျိုးထွန်းဟာ နှလုံးအမောဖောက်ပြီး သေဆုံးသွားကြောင်း၊ အသက် ၄၀ နှစ်အရွယ် ဦးသိန်းထွန်းစိန်ဟာ ကြိုးဆွဲချ သေဆုံးသွားကြောင်း၊ အသက် ၄၅ နှစ်အရွယ် ဦးမောင်သန်းနုဟာ ယခင် မူးယစ်ဆေးဝါး သုံးစွဲခဲ့တဲ့ဒဏ်ကြောင့် သေဆုံးခဲ့ကြောင်း စသဖြင့် တပ်မတော်က ထုတ်ပြန်ပြော ဆိုထားတာဖြစ်ပါတယ်။

ဒီအထဲက ဦးမောင်သန်းနုဟာ ဆေးလိပ်၊ ကွမ်းယာ၊ အရက်တောင် မသောက်သုံးတတ်ဘဲ မူးယစ်ဆေးဝါး သုံးစွဲတဲ့ဒဏ်ကြောင့် သေဆုံးတယ်လို့ ထုတ်ပြန်တာကို နားမလည်နိုင်ဖြစ်ရတယ်လို့ မိသားစုနဲ့ ကျေးရွာသားတွေက ထုတ်ဖော်ပြောဆိုထားကြပါတယ်။

လူ ၂၇ ဦးထဲက ကျန်ရှိနေသူ ၂၄ ဦးကို မေလ ၂ ရက်နေ့က စစ်တွေမြို့ အမှတ်(၁) ရဲစခန်းကို  တပ်မတော်က လွှဲပြောင်းပေးခဲ့တာကြောင့် မိသားစုတွေနဲ့ တွေ့ဆုံစကားပြောခွင့်ရခဲ့ကြပါတယ်။

ဖမ်းဆီးခံထားရသူတစ်ဦးရဲ့ ဇနီးဖြစ်သူ ဒေါ်သာနုစိန်က သူ့အမျိုးသားကို မနေ့က ရုံးထုတ်ရမန်ယူရာမှာ သတင်းထောက်တွေကို အခုလိုပြောဆိုခဲ့ပါတယ်။

"မတော်မတရားနှိပ်စက်တာကလည်း တရားလွန်ပါတယ်။ ကျွန်မတို့ ထင်ထားတာထက်တောင် ပိုပြီးနှိပ်စက်ပါတယ်။ ရေလည်းမပေးဘူး။ အစာလည်းမပေးဘူး။ ကိုယ့်သေးပေါက်ရည်ကိုပဲ ကိုယ်သောက်လို့နေခဲ့ရတယ်လို့ သူတို့ကိုယ်တိုင်က ပြောပါတယ်။ သူတို့တွေက AA လို့ဝန်မခံရင် သေအောင်သတ်ပစ်မယ်လို့ ပြောပါတယ်။ ဒါကြောင့် သူတို့အထဲက သုံးဦးကို သတ်ပစ်လိုက်တယ် AA လို့ဝန်မခံလို့ပါ"

မေလ ၃ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ လက္ကာကျေးရွာကလူ သုံးဦးဟာ ညှဉ်းပမ်းနှိပ်စက်ခံရတာကြောင့် သေဆုံးတာလားလို့ RFA ကမေးမြန်းခဲ့ရာမှာတော့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ညှဉ်းပမ်းနှပ်စက်တာ လုံးဝမရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

နောက်ထပ် ဖမ်းဆီးခံကျေးရွာသားတစ်ဦးရဲ့ဇနီးဖြစ်သူ ဒေါ်ခိုင်စိန်လှကလည်း သတင်းထောက်တွေကို အခုလိုပြောဆိုခဲ့ပါတယ်။

"သူတို့ဖမ်းဆီးထားစဉ်မှာ ကျွန်မယောက်ျားဟာ ကိုယ့်သေးပေါက်ရည်ကိုပဲ ကိုယ်သောက်ခဲ့ရတယ်လို့ ပြောပြပါတယ်။ ရေတောင်မပေးပါဘူး၊ အစာကိုတော့ထားလိုက်ပါတော့။ ၂၂ ရက်တိုင်တိုင် ကျွန်မယောက်ျားကို နှိပ်စက်ခဲ့တာပါ"

စစ်တွေတပ်နယ်မှာ စစ်ကြောရေးလုပ်ဆောင်စဉ် လည်ပင်းကို ကြိုးနဲ့ချည်ပြီး အပေါ်ကနေ တွန်းချကြောင်း၊ ကြိုးနဲ့တွဲလောင်းချပြီး လေပေါ်မှာ ဝှေ့ယမ်းကြောင်း၊ အဲဒီဒဏ်ကြောင့် ဦးစံမောင်ဟာ သတိမေ့နေခဲ့ပေမယ့် နောက်ပိုင်း သတိပြန်လည်လာတာကြောင့် အသက်မသေခဲ့ကြောင်း၊ ကြိုးဒဏ်ရာကတော့ အခုထိရှိနေသေးကြောင်း မိသားစုဝင်တစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။

ဖမ်းဆီးခံထားရသူတစ်ဦးရဲ့ ဇနီးဖြစ်သူ ဒေါ်သိန်းမယေ ကလည်း မနေ့က ရုံးထုတ်ခဲ့သူ ၂၄ ဦးစလုံးမှာ ဒဏ်ရာဒဏ်ချက်တွေ ရှိနေတယ်လို့ ပြောပါတယ်။

"အခု ကျွန်မယောက်ျားအပါအဝင် အကုန်လုံးက ဒဏ်ရာဒဏ်ချက်တွေနဲ့ချည်းပဲ။ အကုန်လုံးမှာ ဒဏ်ရာရှိပါတယ်။ ဒါကြောင့် သူတို့ကို ပြန်လွှတ်လိုက်ရင်တောင်မှ အပြင်မှာ လုပ်ကိုင်စားသောက်လို့မရနိုင်တော့ပါဘူး"

တပ်မတော်ကစစ်ဆေးစဉ် ပုံစံအမျိုးမျိုးနဲ့ ညှဉ်းပမ်းနှိပ်စက်ခံခဲ့ရတယ်ဆိုတဲ့ ကာယကံရှင်တွေ၊ မိသာစုတွေရဲ့ပြောဆိုချက်နဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA ကမေးမြန်းရာမှာ အခုလိုတုံ့ပြန်ပါတယ်။

"ကျွန်တော်တို့ရဲ့ စည်းမျဉ်းစည်းကမ်းအရတော့ စစ်ဆေးတုန်းမှာတော့ နှိပ်စက် စစ်ဆေးတာတို့ ဘာတို့တော့ ပြုလုပ်လို့မရဘူး။ လက်တွေ့ မြေပြင်မှာတော့ နှိပ်စက်မှု မရှိဘူးလို့လည်း တစ်ဖက်သတ် မပြောဘူး၊ ရှိပါတယ်လို့လည်း တစ်ဖက်သတ် မပြောလိုဘူး။ ဘာလို့လဲဆိုတော့ ဒါတွေက ကျွန်တော်တို့ဆီကို ပြောထားတဲ့ဟာနဲ့ ကွဲလွဲချင်လည်း ကွဲလွဲနိုင်တယ်။ ကျွန်တော်တို့ သိထားတာတော့ လုပ်ထုံးလုပ်နည်းအတိုင်း သူတို့စစ်ဆေးခဲ့တယ်လို့ သိထားတယ်။ လက်တွေ့အခြေအနေကတော့ မသိသေးဘူး"

ဖမ်းဆီးခံထားရသူတွေကိစ္စနဲ့ ပတ်သက်လို့ မိသားစုဝင်တွေက ဧပြီလ ၂၆ ရက်နေ့မှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်၊ ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး ကြည်လင်းတို့နဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ သီးသန့် တွေ့ဆုံခွင့်ရခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ လူ ၂၄ ဦးထဲက နှစ်ဦးကို မကြာခင် ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပေမယ့် အခုအချိန် သုံးပတ်လောက်ကြာလာတဲ့အထိ ပြန်လွှတ်ပေးခြင်း မရှိသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ ဖမ်းဆီးခံထားရသူတစ်ဦးရဲ့ မိခင်ဖြစ်သူ ဒေါ်ခိုင်ရွှေသန်းက အခုလိုပြောဆိုပါတယ်။

"ပြန်မလွှတ်တဲ့အပေါ်မှာ ဒီကလေးတွေကို ဘာဖြစ်လို့ ဒီလောက် အကြာကြီး ရုံးချိန်းတယ်ဆိုတာကို ကျွန်မတို့က မကျေနပ်ဘူး အဲဒါကို။ အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်။ ကျွန်မကလေးဟာ ဆယ်တန်းကျလို့ရှိရင်လည်း ပြန်ပြီးကျောင်းဆက်ထားဖို့ ရည်ရွယ်ချက်ရှိတယ်။ ဆယ်တန်းအောင်လို့ရှိရင်လည်း နောက်ပညာတွေကို ဆက်သင်ဖို့ ဆန္ဒရှိတယ်။ အဲဒါကြောင့် အမြန်ဆုံးပြန်လွှတ်စေချင်တယ်"

ပြန်လွှတ်ပေးမယ်လို့ပြောဆိုထားတဲ့ လူ နှစ်ဦးကို ဘာကြောင့် ပြန်မလွှတ်သလဲဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းရာမှာ သူက အခုလိုပြောပါတယ်။

"မြောက်ဦး ရဲစခန်းကလည်း လုံခြုံမှု သိပ်မရှိတဲ့နေရာမိုလို့ သူတို့ကို မချုပ်ဘဲနဲ့ စစ်တွေကို ပြောင်းရွှေ့ထားတာတွေရှိတယ်။ စစ်တွေကို ပြောင်းတဲ့ အချိန်ကာလ၊ စစ်ဆေးတဲ့ဟာတွေရှိတယ်။ အချိန်ကာလည်း နည်းနည်းအချိန်ယူရတဲ့ သဘောရှိတယ်။ စစ်ဆေးတဲ့သူတွေမှာလည်း အဆင့်ဆင့်ပြောင်းပြီးတော့ စစ်တဲ့သဘောတော့ရှိတယ်"

လက္ကာကျေးရွာက ဖမ်းဆီးထားသူတွေကို စစ်ဆေးစဉ် လူ သုံးဦး သေဆုံးခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ လွတ်လပ်တဲ့ ကော်မတီအဖွဲ့နဲ့ စုံစမ်းဖော်ထုတ်ပြီး ပြစ်မှုကျူးလွန်သူတွေကို အရေးယူပေးဖို့ မိသားစုဝင်တွေက တောင်းဆိုထားကြပါတယ်။

မနေ့က ရုံးထုတ်ရမန်ယူပြီးနောက် မေလ ၃၁ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်က ဖမ်းဆီးထားစဉ် သေဆုံးသူဟာ ၁၁ ဦးအထိ ရှိပြီ ဖြစ်ပါတယ်ရှင်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့