လက်ပံတန်းမြို့ ကျောင်းသားသပိတ်စခန်း ကနေ ကျောင်းသား ကျောင်းသူတွေနဲ့အတူ ဖမ်းဆီး ခံရပြီး လွတ်မြောက်လာတဲ့ သံဃာတော် ၁၀ ပါးက မန္တလေးမြို့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
သပိတ်စခန်းဖြိုခွင်းခံရချိန်မှာ ကျောင်းသား ကျောင်း သူတွေက အကြမ်းမဖက်ဘဲ ဖမ်းဖို့ပြောပေမဲ့ ရဲတပ် ဖွဲ့ဝင်တွေက ရိုက်နှက်ဖမ်းဆီးခဲ့တာဖြစ်တယ် လို့ ပြန်လည်လွတ်မြောက်လာတဲ့ ဥူးအာလောက က မိန့်ပါတယ်။
"အကြမ်းမဖက်တဲ့နည်းနဲ့ ဖမ်းပါလို့ပြောရဲ့သား နဲ့ ကျောင်းထဲတခါတည်း ဖိနပ်တွေစီးပြီး ဝင်ရိုက် သွားတယ်၊ ရိုးရိုးသားသားဆိုရင် ကလေးတွေကလည်း ဖမ်းခွင့်ပြုတာပဲ၊ သူတို့က အဲ့လိုလုပ်လိုက်တဲ့အခါ ကျတော့ ပုံရိပ်ကြီးဟာ တော်တော့်ကိုပေါ်လွန်း တယ်လို့ ဦးဇင်းထင်ပါတယ်"
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ရက်နေ့က မန္တလေးမြို့ကနေ စတင်ချီတက်လာတဲ့ ပင်မကျောင်းသားသပိတ်စစ်ကြောင်း မှာ ချောက်၊ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ပခုက္ကူ နဲ့ ရန်ကုန်မြို့သံဃာ ၁၀ ပါးက လိုက်ပါခဲ့တာဖြစ်ပါတယ်။
အဲဒီသံဃာ ၁၀ ပါးကို လူဝတ်လဲပြီး အကျဉ်းထောင်ပို့ဖို့ ကြိုးစားခဲ့ပေမဲ့ လက်ပံတန်းမြို့နယ် သံဃမဟာနာယကအဖွဲ့က ခံဝန်ကတိထိုးခိုင်းပြီး ပြန်လည်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရှင်းလင်းပွဲအပြီးမှာ ရွှေဝါရောင်သံဃာ့ကွန်ရက်(အထက်မြန်မာပြည်) က အလားတူအကြမ်းဖက်မှုတွေ ကို နောင်မှာထပ်မံမကျူးလွန်ဖို့နဲ့ အကြမ်းဖက်မှုမှာပါဝင်ခဲ့တဲ့ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ အစိုးရကို တောင်းဆိုကြောင်း ကြေညာချက်ထုတ်လိုက်ပါတယ်။
