မတ်လ ၁ဝ ရက်နေ့က လက်ပံတန်းမှာ ကျောင်းသား သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲ ခဲ့တာကို ဆန့်ကျင့်တဲ့အနေနဲ့ ဗြိတိန်နိုင်ငံရောက် မြန် မာနိုင်ငံသားတွေ စုပေါင်းပြီး မြန်မာအစိုးရသံရုံးရှေ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့နဲ့ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် အိမ်ရှေ့တွေမှာ မနေ့က ဆန္ဒပြခဲ့ကြ ပါတယ်။
မြန်မာနိုင်ငံသားအားလုံး တန်းတူညီမျှ အဆင့်အတန်းရှိ တဲ့ ပညာသင်ကြားနိုင်တဲ့ အခွင့်အရေး ရရှိဖို့အတွက် ငြိမ်းချမ်းစွာဆန္ဒပြခဲ့နေတဲ့ ကျောင်းသားတွေကို အခုလို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးတာကို မိမိတို့ ဆန့်ကျင် ရှုတ်ချ တဲ့အပြင် မြန်မာအစိုးရကို အကူအညီပေးနေ တာတွေ ရပ်ဆိုင်းဖို့အတွက် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် တို့ထံကိုလည်း အိတ်ဖွင့်ပေးစာ တစ်စောင်ပေးမှာ ဖြစ်တယ်လို့ ဆန္ဒပြပွဲဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ကိုအောင်ကြီးက RFA ကို ပြောပါတယ်။
"ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြနေတဲ့သူတွေကို ဒီလို အကြမ်းဖက်ရိုက်နှက်တာတွေ ဖမ်းဆီးတာတွေ မလုပ်ဖို့ကို UK အစိုးရအနေနဲ့ မြန်မာအစိုးရကို တောင်းဆိုပေးဖို့စာတစ်စောင်ကို ဒီနေ့ ဆန္ဒပြပွဲ ပြီးတဲ့အခါ သက်ဆိုင်ရာ အာဏာပိုင်တွေလက်ထဲကို ထည့်ပေး ဖို့ရှိပါတယ်၊ ဒါပေမယ့် မြန်မာအစိုးရ ဆီကိုတော့ မပေးပါဘူး"
ဒါ့အပြင် အဲ့ဒီ ကျောင်းသားသပိတ် ဖြိုခွဲမှုဟာ အစိုးရက ဦးဆောင်ပြီး လုပ်ကိုင်ခဲ့တဲ့ အကြမ်းဖက်မှုဖြစ်တဲ့အတွက် ရိုက်နှက်ခံခဲ့ရသူတွေက တာဝန်ရှိတွေကို တရားစွဲသင့်ကြောင်းနဲ့ မြန်မာလွတ်တော်အမတ်တွေကလည်း ဒီအကြမ်း ဖက်မှုကို လွတ်တော်မှာ မေးခွန်းထုတ်သင့်ပါတယ်လို့ ကိုအောင်ကြီးက ပြောပါတယ်။
"ဒီလက်ပံတန်းမှာ ရဲတွေ အကြမ်းဖက်တဲ့ကိစ္စက အစိုးရကိုယ်တိုင်က ဦးဆောင်ပြီးလုပ်တဲ့ အကြမ်းဖက် မှုပါ၊ ကျနော်တို့အနေနဲ့ အစိုးရကို ပြန်ပြီးတော့ ထောက်ပြပြီး တရားစွဲဖို့လုပ်သင့်ပါတယ်၊ လွှတ်တော်ထဲ မှာလည်း အတိုက်အခံလွတ်တော်အမတ်တွေက ဦးသိန်းစိန်နဲ့ တာဝန်ရှိလက်ရှိအစိုးရကို အကြမ်းဖက် ရဲတွေသုံးပြီး နှိမ်နင်းတဲ့အကြောင်းကို မေးခွန်းထုတ်ပြီး ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာ ကို ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ လွှတ်တော်အမတ်တွေကို ဒီနေရာကနေ တိုက်တွန်းချင်ပါတယ် ၊ နောက်တစ်ချက်အနေနဲ့ အရိုက်ခံရတဲ့ ကာယကံရှင်တစ်ဦးခြင်းစီကလည်း သက်ဆိုင်ရာ မြို့နယ်တွေ ကနေတဆင့် အစိုးရနဲ့ သက်ဆိုင်ရာရဲတပ်ဖွဲ့ကို တရားစွဲဆိုသင့်တယ်လို့ ကျနော်ယူဆပါတယ်"
လန်ဒန်မှာပြုလုပ်တဲ့ မနေ့က ဆန္ဒပြပွဲကို မြန်မာနိုင်ငံသား ၅ဝ ခန့်တက်ရောက်တာကို တွေ့ရပါတယ်။
