တရုတ်ဘက် ထွက်ပြေး တိမ်းရှောင်သူတွေကို ပြန် လည်ခေါ်ယူဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်နေရသူတွေကို ပြန်လည်ခေါ်ယူနိုင်ဖို့ အခက် အခဲဖြစ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေ တဲ့ သုံးခွမြို့နယ် လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဌ ဦးဟိန်းဇော်က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်ကနေ ကချင်ပြည်နယ် မိုးညှင်းမြို့ကို ထွက်ပြေးခိုလှုံလာတဲ့ ရှမ်းတိုင်းရင်းသား စစ်ဘေးရှောင်ပြည်သူတွေကို ၂၀၁၇ ခုနှစ် မတ်လ ၁၇ ရက်နေ့က မိုးညှင်းမြို့ နတ်ကြီးရပ်ကွက် အများပိုင်ဇရပ်မှာ တွေ့ရစဉ် Photo : Kyaw Khaing (Facebook)

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေရသူတွေကို ပြန်လည်ခေါ်ယူနိုင်ဖို့ အခက်အခဲဖြစ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ သုံးခွမြို့နယ် လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဌ ဦးဟိန်းဇော်က ပြော ပါတယ်။

တရုတ်နိုင်ငံဘက်ကိုသွားပြီး စစ်ဘေးဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူဖို့အတွက် ဒေသအာဏာပိုင်တွေက ခွင့်မပြုဘူးလို့ ဦးဟိန်းဇော်က ပြောပါတယ်။

"သူတို့နဲ့ ကျနော်တို့ ဆွေးနွေးတယ်။ ကျနော်တို့ ဟိုဘက်သွားဖို့လုပ်တယ်။ သူတို့ကတော့ ကျနော်တို့ကို အစ်ကိုသွားလို့ အဆင်မပြေပါဘူးချည်းပဲပြောတယ်။ သူတို့ ဒီဘက်ကို လာမှသာလျှင် ကျနော်တို့ ကယ်လို့ရ မယ်လို့ ကျနော်တို့ကို မနေ့က ပြောတယ်ဗျ။ ပြောတော့ ကျနော်က စိုးရိမ်မိတာလေးတွေတော့ရှိတယ်။ ကျနော်တို့ အဲဒီလိုမျိုးပေါ့။ သူတို့ို ဒီဘက်ကိုလာမှ ကျနော်တို့က ကယ်လို့ရမယ်ဆိုရင် တကယ်လို့များ ကျနော်တို့တွေ သူတို့အလာကို စောင့်နေတဲ့ အတောတွင်းမှာပဲ သူတို့ သွားရေးလာရေး ဒုက္ခရောက်လို့ အခက်အခဲဖြစ်လို့ တစ်စုံတစ်ရာများ သူတို့ သူများနိုင်ငံထဲမှာ အခက်အခဲများဖြစ်နေခဲ့ရင် သူတို့ရဲ့ လုံခြုံမှုအပိုင်းသည် ဘယ်သူတာဝန်ယူမှာလဲ"

လတ်တလောဖြစ်ပွားနေတဲ့ လောက်ကိုင်မြို့နယ်က တိုက်ပွဲတွေကြောင့် မန်တုံမြို့နယ် နန့်ဟိုင်၊ မော်နေ စတဲ့ကျေးရွာတွေက ဒေသခံရှမ်းတိုင်းရင်းသား အယောက် ၄၀ ကျော်ဟာ ကချင်ပြည်နယ် မိုးညှင်းမြို့ကို မနေ့ကစပြီး ထွက်ပြေးခိုလှုံလာကြပါတယ်။

အဲဒီစစ်ဘေးရှောင် ရှမ်းတိုင်းရင်းသားတွေကို မိုးညှင်းမြို့ပေါ်မှာရှိတဲ့ လူမှုပရဟိတ အဖွဲ့အစည်းတွေက ထောက် ပံ့ပေးနေပြီး ဆက်လက်ကူညီနိုင်ရေးကိုလည်း အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ မေတ္တာမွန် လူမှုကူညီရေးအသင်းရဲ့ ဘဏ္ဍာရေးမှူး ဦးကျော်ခိုင်က ပြောပါတယ်။

မိုးညှင်းမြို့ နတ်ကြီးကုန်းရပ်ကွက် မူလတန်းကျောင်းနဲ့ တွဲပြီးဆောက်ထားတဲ့ အများပိုင်ဇရပ်မှာ နေရာချပေးထားပြီး မနေ့ညနေပိုင်းကစလို့ စောင်၊ ခေါင်းအုံ ၊ ခြင်ထောင်နဲ့ အနွေးထည်ပစ္စည်းတွေကို လောလောဆယ် လှူဒါန်းထား တယ်လို့ဆိုပါတယ်။

ဒီကနေ့မှာ ရှမ်းပြည်မြောက်ပိုင်းကနေ ဆက်လက်ထွက်ပြေးလာသူတွေ ရှိနေတာကြောင့် မိုးညှင်းမြို့ပေါ်မှာ အလှူငွေနဲ့ အခြေခံစားကုန်ပစ္စည်းတွေ ကောက်ခံနေပြီး မိုးညှင်းမြို့ အရှေ့ကျောင်း ပရိယတ္တိစာသင်တိုက်နဲ့ ကြယ်စင် စတိုး စတဲ့ နေရာတွေမှာ အလှူခံဌာနတွေ ဖွင့်လှစ်ထားပါတယ်။

အဲဒီစစ်ဘေးဒုက္ခသည်တွေဟာ မိုးညှင်းမြို့ နတ်ကြီးကုန်း ရပ်ကွက်မှာရှိတဲ့ ဇောတိရှမ်းဘုန်းကြီး ကျောင်းကို အားကိုးပြုရောက်ရှိလာတာဖြစ်ပြီး၊ ဇောတိရှမ်းကျောင်းရဲ့ တာဝန်ရှိသူလူကြီးတွေက အသိပေးလာတဲ့အတွက် မိုးညှင်းမြို့က လူမှုပရဟိတ အဖွဲ့တွေနဲ့ ပြည်သူတွေက ကူညီနေကြတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်မှာ တပ်မတော်နဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ MNDAA တို့အကြား မတ်လ ၆ ရက်နေ့စပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ကျောင်းဆရာမ တစ်ယောက်အပါအဝင် အရပ်သား ၂၀ လောက် သေဆုံးခဲ့ရတယ် လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် လူဦးရေ ၂ သောင်းကျော်ဟာ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပြီး လားရှိုး အခြေစိုက် ပရဟိတအဖွဲ့တွေ လတ်တလော ရရှိတားတဲ့စာရင်းအရ တရုတ်ပြည်ဘက်ကို ရောက်ရှိနေတဲ့ ဒေသခံ စစ်ဘေးဒုက္ခသည် ၅၀၀၀ လောက်ရှိတယ်လို့ ဦးဟိန်းဇော်က ပြောပါတယ်။

အခုလတ်တလောမှာလည်း လောက်ကိုင်ဒေသက တောင်ညီနောင်ဘက်မှာ တပ်မတော်နဲ့ MNDAA တပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org