မြန်မာနိုင်ငံက ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြနေတဲ့ လူတွေကို အာဏာပိုင်တွေက မကြာခင်က ဖမ်းဆီးတဲ့အတွက် အထူးစိုးရိမ်မကင်းဖြစ်ရတယ်လို့ အမေရိကန် သမ္မတဟောင်း George Bush နဲ့ဇနီး Laura Bush တို့က ကြေညာချက်တစ်စောင် မနေ့က ထုတ်ပြန်လိုက် ပါတယ်။
အဖမ်းဆီးခံနေရသူတွေထဲမှာ Bush Institute ကလုပ်တဲ့ Liberty and Leadership Forum လွတ်မြောက်ခြင်းနဲ့ ခေါင်းဆောင်မှု နှီးနှောဖလှယ်ပွဲ မှာပါဝင်တဲ့ ABSFU ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်လည်း ပါသွားတယ်လို့ ဖော်ပြပါတယ်။ မဖြိုးဖြိုးအောင်ဟာ မြန်မာ့ပညာရေးအတွက် စိတ်အားထက်ထက်သန်းသန် အကျိုးဆောင်နေသူတစ်ဦးဖြစ်ပါတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
ဆန္ဒပြသူအတော်များများဟာ မဖြိုးဖြိုးအောင်လိုပဲ ထင်သာမြင်သာရှိပြီး တာဝန်ခံမှုရှိတဲ့ မြန်မာ့ပညာရေးစနစ် တစ်ရပ်အတွက် အကျိုးဆောင်ရင်း မြန်မာ့အပြောင်းအလဲကို ကူညီပံ့ပိုးရအောင် ဆောင်ရွက်နေတဲ့ကျောင်း သားတွေ ဖြစ်ပါတယ်လို့လည်း ဖော်ပြပါတယ်။
နိုင်ငံတိုင်းနဲ့ လူတိုင်းအတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ကောင်းကျိုးရရှိစေဖို့ ပညာရေးဟာ ပဓာနကျ ပါတယ်လို့လည်း ဖော်ပြထားပြီး ဖမ်းဆီးခံထားရသူတွေ မကြာခင် ပြန်လည်လွတ်မြောက်လာမယ်လို့ မျှော်လင့်တဲ့ အကြောင်း အမေရိကန်သမ္မတဟောင်း George Bush နဲ့ဇနီးရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
