အမေရိကန်သမ္မတဟောင်းရဲ့ ဇနီး ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြော

အမေရိကန် သမ္မဟောင်း George W Bush ရဲ့ ဇနီး Mrs. Laura Bush ဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့တယ်လို့ သိရပါတယ်။

အမေရိကန် ပြည်ထောင်စု သမတဟောင်း မစ္စတာ ဂျော့ ဒဘလျူ ဘုရှ်၏ ဇနီး သမတကတော်ဟောင်း မစ္စက် လော်ရာဘုရှ်သည် မြန်မာ့ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးကိစ္စများကို အစဉ်တစိုက် တက်ကြွစွာ ဆောင်ရွက်နေသူ ဖြစ်ပါသည်။ (RFA Image) (RFA Image)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခိုင်မာတည်ကြည်တဲ့ အသံကို ကြားလိုက်ရတဲ့အတွက် သူဟာ နှလုံးစိတ်ဝမ်း ကြည်နူးထိခိုက်သွားပြီး လူသားတွေအားလုံးရဲ့ လွတ်လပ်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မရပ်မနား ကြိုးပမ်းမှုတွေကို ချီးကျူးမိရပါတယ်လို့ Mrs. Laura Bush က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ လွတ်မြောက်ရေးအတွက် အစဉ်တစိုက် ယုံကြည်မှု ရှိနေသူ ဖြစ်ပါတယ်၊ အခု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် ဝမ်းသာစရာ ဖြစ်ပါတယ်၊ သူနဲ့ သူချစ်တဲ့ မြန်မာပြည်သူတွေ အားလုံး လွတ်လပ်စွာ နေထိုင်နိုင်ကြမယ့် နေ့တနေ့ကို ကျမ မျှော်လင့်နေမိပါတယ်လို့လည်း Mrs. Laura Bush က ပြောပါတယ်။

သူ နေအိမ်အကျယ်ချုပ် ကျနေစဉ်မှာ ပြင်ပ ရေဒီယိုတွေကို နားထောင်ခဲ့တဲ့အတွက် တကမ္ဘာလုံးက ထောက်ခံမှု ဘယ်လောက်ရှိတယ် ဆိုတာကို သိရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း Mrs. Laura Bush က ပြောပါတယ်။ ဒါ့အပြင် ၂၀၀၈ ခုနှစ်အတွင်းက Mrs. Laura Bush နဲ့ သမီးဖြစ်သူ Barbara Bush တို့ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေကို သွားရောက် လည်ပတ်ခဲ့တဲ့ အကြောင်းတွေကိုလည်း ရေဒီယိုကတဆင့် သိခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်ပြီး စကားပြောခွင့် ရဦးမယ်လို့ မျှော်လင့်ကြောင်း၊ တနေ့နေ့ တချိန်ချိန်မှာ လူချင်း မျက်နှာချင်းဆိုင် တွေ့နိုင်မယ့် အခြေအနေကို ရောက်လာမယ်လို့ မျှော်လင့်ကြောင်း Mrs. Bush က AP သတင်းဌာနက ဆက်သွယ်မေးမြန်းခန်းမှာ ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org