နိုင်ငံရေးအကျဉ်းသားဟောင်း ရှေ့နေဦးမြင့်အေး လိုင်စင်ရုပ်သိမ်းခံရ
2015.12.02
ပြည်မြို့က ရှေ့နေဦးမြင့်အေးကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်-ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးက ဒီနေ့ကစပြီး လိုင်စင်ရုပ်သိမ်းလိုက်ပါတယ်။
တစ်ကိုယ်တော်ဆန္ဒပြမှုတွေကြောင့် ပုဒ်မ (၁၈) တွေနဲ့ မကြာခဏ တရားစွဲထောင်ချခံရတဲ့အတွက် ရှေ့နေလိုင်စင် ရုပ်သိမ်းတဲ့အကြောင်း သူ့ဆီကို ဒီနေ့နေ့လည်မှာ အကြောင်းကြားစာရောက်လာတယ်လို့ ဦးမြင့်အေးက RFA ကိုပြောပါတယ်။
"ကျနော်က ဒဏ်ငွေနှစ်ခါကျတယ်၊ ထောင်ဒဏ်လေးလကျဖူးတယ်၊ ဒါကြောင့် ရှေ့နေစည်းမျဉ်းစည်းကမ်းနဲ့ မညီဘူးလို့ ကျနော့်လိုင်စင် ရုပ်သိမ်းလိုက်ကြောင်းကို ဒီနေ့ရက်စွဲနဲ့ စာရောက်လာတယ်၊ ပြည်ထောင်စုရှေ့နေရုံးကနေတဆင့် ပြည်ခရိုင်တရားရုံးကနေ ကျနော့်ကိုလာပို့တယ်၊ ဒီဟာမျိုးအတွက် ကျနော်ဘယ်တော့မှ ခေါင်းငုံ့သွားမှာမဟုတ်ဘူး၊ လိုင်စင်သိမ်းလည်း ကျနော့်ဘာသာ ကျနော်နေမှာပဲ"
လိုင်စင်ရုပ်သိမ်းတဲ့စာမှာ ကာလသတ်မှတ်ချက် ဖော်ပြထားတာမပါတဲ့အတွက် ရာသက်ပန်ရုပ်သိမ်းတယ်လို့ ယူဆရမလိုဖြစ်တယ်လို့ သူက ပြောပါတယ်။ ဦးမြင့်အေးဟာ ဖမ်းဆီးခံကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ ပြည်မြို့မှာ မကြာခဏ တစ်ကိုယ်တော်ဆန္ဒပြခဲ့ပါတယ်။