လဝန်းထက်သာ စက်ရုံမှာ လစာရရှိရေး ဆန္ဒပြ
2016.06.07
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က လဝန်းထက်သာ အထည်ချုပ်စက်ရုံ အလုပ်သမားတွေကို ဇွန်လ ၇ ရက်နေ့က တွေ့ရစဉ်
ပြီးခဲ့တဲ့ မေလအတွက် လုပ်ခလစာမရတဲ့ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် "လဝန်းထက်သာ" အထည်ချုပ်စက်ရုံက အလုပ်သမား ၁၀၀ ကျော်က မေလအတွက် လစာပေးဖို့ စက်ရုံမှာ ဒီနေ့ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
လုပ်ခလစာ မရတာတွေ၊ နောက်ကျတာတွေဟာ ဒီတစ်ကြိမ်တည်းမဟုတ်ဘဲ တစ်နှစ်လောက်ရှိနေတဲ့အတွက် အလုပ်သမားတွေက ယုံကြည်မှုမရှိတော့ဘူးလို့ ဆန္ဒပြအလုပ်သမား မကဗျာဧပရယ်ဦး က ပြောပါတယ်။
"လဝန်းထက်သာ က ဆန္ဒပြပြီဆိုရင် ရုံးတွေကတောင် မရှင်းပေးချင်ဘူး၊ စိတ်ပျက်သွားကြတာ၊ ဒီမှာကဖြစ်နေတာ တစ်လပြီးတစ်လပဲ၊ လပေါင်းတွေလည်းနည်းတော့ပါဘူး၊ သူများစက်ရုံတွေဆို ၅ ရက်နေ့ထုတ်ပေးတယ်၊ ညီမတို့စက်ရုံကတော့ ၅ ရက်နေ့ကို တစ်ခါမှမရဘူးပါဘူး၊ ၇ ရက်နေ့ကလည်း ကျော်ကျော်သွားတယ်၊ လစာမပေးနိုင်တော့ဘူး၊ သူဌေးကအဆင်မပြေလို့၊ စက်ရုံကလည်းငှားထားတော့ အဆင်မပြေဘူး၊ ညီမတို့လည်းစောင့်ပေးပါတယ်၊ စောင့်ပေးနေတာကို သူတို့ဘက်ကလုံးဝလွန်တယ်၊ ပထမတော့ပိတ်ပြီတဲ့၊ နောက်လစာပေးနိုင်တော့ မပိတ်တော့ဘူး၊ ပြန်ဖွင့်မယ်တဲ့၊ တစ်လတစ်လပေးမယ်ပဲပြောနေတာပဲ၊ ဖြစ်နိုင်မယ်ဆိုရင် ဒီသူဌေးနဲ့ကို အလုပ်မလုပ်ချင်တော့ဘူး"
စက်ရုံလုပ်ငန်းရှင်က စက်ရုံကိုပြန်ဖွင့်နိုင်ဖို့ လုပ်ခလစာကို သတ်မှတ်ထားတဲ့ နေ့အတိုင်း မှန်မှန်ပေးပါမယ် လို့ ပြောပေမယ့် အလုပ်သမားတွေဘက်က မလုပ်လိုကြတော့ဘူးလို့ ပြောပါတယ်။
လစာမှန်အောင် မပေးတဲ့ အလုပ်ရှင်ကို အရေးယူပေးဖို့ကိုလည်း တောင်းဆိုလိုက်ကြပါတယ်။
လဝန်းထက်သာ စက်ရုံဟာ ကိုရီးယားလုပ်ငန်းရှင်ပိုင်တဲ့ အထည်ချုပ်စက်ရုံ ဖြစ်ပြီး ကုတ်အင်္ကျီကို အဓိကချုပ်တယ်လို့ ပြောပါတယ်။









