ဦးကိုနီအမှု တရားခံတွေကိုပြစ်ဒဏ်တိုးပေးဖို့ အယူခံ ပယ်ချခံရ
2020.01.10
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုမှာ ပါဝင်တဲ့ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်း တို့ကို ပြစ်ဒဏ်တိုးမြှင့်ပေးဖို့ တရားလိုရှေ့နေတွေရဲ့ လျှောက်ထားချက်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဒီနေ့ ပယ်ချလိုက်ပါတယ်။
တချိန်တည်းမှာပဲ တရားခံတွေရဲ့ ရှေ့နေတွေဘက်က တင်ပြတဲ့ ပြစ်ဒဏ်လျော့ပေါ့ပေးဖို့ အယူခံကိုလည်း ပယ်ချခဲ့တာပါ။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံခဲ့တဲ့အမှုမှာ ပါဝင်ပတ်သက်တဲ့ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်း တို့ကို ချမှတ်ထားတဲ့ ပြစ်ဒဏ်ဟာ နည်းတဲ့အတွက် တိုးမြှင့်ပေးဖို့ နေပြည်တော်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ အယူခံ လျှောက်ထားခဲ့တာ တစ်လကျော်အကြာမှာ ဒီနေ့ ပယ်ချလိုက်တာပါ။
ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးက ဦးကိုနီကို လုပ်ကြံတဲ့ သေနတ်သမား ကြည်လင်းနဲ့ အောင်ဝင်းဇော်ကိုတော့ မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့၊ အဲဒီလုပ်ကြံမှုမှာ ပါဝင်တဲ့ ဇေယျာဖြိုး ကို ထောင်ဒဏ် ငါးနှစ်၊ အောင်ဝင်းထွန်းကို ထောင်ဒဏ် သုံးနှစ် ချမှတ်ထားတာပါ။
ဒီပြစ်ဒဏ်တွေဟာ နည်းတဲ့အတွက် တိုးပေးဖို့ လျှောက်တဲ့ အယူခံ ပယ်ချခံလိုက်ရတဲ့အတွက် မိသားစုနဲ့ တိုင်ပင်ပြီး အထူးအယူခံ ဆက်တက်သွားမယ်လို့ တရားလို ရှေ့နေတွေက ပြောပါတယ်။
ဒီအထူးအယူခံဟာ ဥပဒေကြောင်းအရ နောက်ဆုံး အယူခံတင်ပြချက်လည်း ဖြစ်ပါတယ်။
ဦးကိုနီရဲ့ ဇနီးဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေ ဦးနေလက ကာယကံရှင် မိသားစုနဲ့ တိုင်ပင်ပြီး အထူးအယူခံဖို့ ဆက်လုပ်မယ်လို့ ပြောပါတယ်။
အထူးအယူခံဝင်မယ်ဆိုရင် သုံးလအတွင်း အယူခံဝင်ရမှာဖြစ်ပါတယ်။
တရားလွှတ်တော် ရှေ့နေ ဦးကိုနီဟာ လုပ်ကြံခံရမှုနဲ့ အငှားယာဉ်မောင်း ကိုနေဝင်း သေဆုံးမှုကို တရားရုံးက ၂ နှစ်ကျော်ကြာအောင် စစ်ဆေးခဲ့ပြီး တရားလို၊ တရားခံပြသက်သေ ၂၀၀ ကျော်ကို စစ်ဆေးခဲ့ရာမှာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က အပြီးသတ် အမိန့်ချခဲ့ပါတယ်။
တရားခံ လေးဦးရဲ့ ရှေ့နေတွေဘက်ကလည်း ပြစ်ဒဏ်လျော့ပေါ့ပေးဖို့ တင်ပြခဲ့ပေမယ့် ဒီနေ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တရားလိုနဲ့ တရားခံရှေ့နေတွေဘက်က တင်ပြတဲ့ အယူခံတွေကို ပယ်ချခဲ့တာပါ။
အငှားယာဉ်မောင်း ကိုနေဝင်းရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ဒီနေ့ အမိန့်ချခဲ့တဲ့ အခြေအနေကို ရှင်းပြပါတယ်။
ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဥပဒေအရာရှိတစ်ဦးကလည်း တရားလိုရှေ့နေတွေဘက်က တင်ပြချက်အတိုင်း ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်း တို့ရဲ့ ပြစ်ဒဏ်တိုးမြှင့်သင့်တယ်လို့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို လျှောက်ထားခဲ့တာပါ။
ဒီအမှုမှာ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ ပါဝင်ကြောင်း သက်သေ မပြနိုင်တဲ့အတွက် တရားသေလွှတ်ပေးဖို့ သူတို့ရှေ့နေတွေက တရားခွင်မှာ လျှောက်ထားခဲ့ကြပါတယ်။ ဒါပေမဲ့ ပယ်ချလိုက်ခဲ့တဲ့အတွက် မူလပြစ်ဒဏ်တွေ အတိုင်းသာ ဆက်ရှိမှာဖြစ်ပါတယ်။
ဦးကိုနီရဲ့ ဇနီးဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေ ဦးနေလက မူလတရားရုံးက စီရင်ချက်အတိုင်း ပြစ်ဒဏ်တွေက ဆက်ရှိနေမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ဒီစီရင်ချက်နဲ့ ပတ်သက်လို့ တရားခံဘက်က ရှေ့နေတွေကိုတော့ ဆက်သွယ်လို့ မရပါဘူး။
ဒီအမှုမှာ ပါဝင်ပတ်သက်တဲ့ တရားခံပြေး အောင်ဝင်းခိုင်ကတော့ နေပြည်တော်က ပရဆေးဥယျာဉ်နားမှာ ပျောက်ဆုံးသွားခဲ့ပြီး အခုထိ လွတ်မြောက်နေဆဲပါ။
ဇေယျာဖြိုးကို မူလက သေဒဏ်ချမှတ်ခံရနိုင်တဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မအရ လူသတ်မှုကို ပူးပေါင်းအားပေး ကြံစည်သူလို့ တရားရုံးမှာ စွဲချက်တင်ထားခဲ့ပေမယ့် တကယ်တမ်း အမိန့်ချမှတ်တဲ့အခါ ငွေပေးစေခိုင်းတယ်ဆိုတာကို တရားလိုဘက်က သက်သေမပြနိုင်တဲ့ အတွက်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၂၀၁ နဲ့သာ ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးက အမိန့်ချခဲ့ပါတယ်။
ရာဇသတ်ကြီးပုဒ်မ ၂၀၁ အရဆိုရင် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ခုနှစ်နှစ်အထိ ချမှတ်နိုင်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
လွတ်လပ်သော ရှေ့နေများအသင်းကတော့ သေနတ်သမား ကြည်လင်းနဲ့ ခိုင်းစေသူ အောင်ဝင်းဇော် တို့ကို သေဒဏ်ချမှတ်ခဲ့တဲ့အပေါ်မှာ ကြိုဆိုပေမယ့် ဦးကိုနီ လုပ်ကြံခံရမှုမှာ အရေးပါတဲ့ ဇေယျာဖြိုးကို ထောင်ဒဏ် ငါးနှစ်သာ ချမှတ်ခဲ့တဲ့အပေါ် ဝေဖန်ခဲ့ကြတာပါ။
NLD ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တက်ကြွစွာ ဟောပြောခဲ့သူဖြစ်ပြီး မကွယ်လွန်ခင်အချိန်မှာ ခြိမ်းခြောက်ပြောဆိုမူတွေကို ပြင်းပြင်းထန်ထန် ခံခဲ့ရသူပါ။
သူဟာ ၂၀၁၇ ခုနှစ်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့ လူမြင်ကွင်းမှာပဲ အနီးကပ် သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရတာဖြစ်ပြီး၊ အငှားယာဉ်မောင်း ကိုနေဝင်းကတော့ လုပ်ကြံသူကို ဝိုင်းဝန်းဖမ်းဆီးဖို့ ကြိုးစားရင်း သေနတ်ပစ်ခံခဲ့ရလို့ သူတို့နှစ်ဦး သေဆုံးတာ ဒီလ ၂၉ ရက်နေ့ဆိုရင် သုံးနှစ်ပြည့်ပြီဖြစ်ပါတယ်။