ဦးကိုနီအမှု ပြစ်ဒဏ်တိုးဖို့ တရားလိုရှေ့နေ လျှောက်ထား
2019.11.26

NLD ပါတီ ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံခံရတဲ့အမှုမှာပါဝင်တဲ့ ဇေယျာဖြိုးကို ထောင် ၅ နှစ်နဲ့ အောင်ဝင်းထွန်း ကို ထောင်ဒဏ် ၃ နှစ်အဖြစ် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ချမှတ်ခဲ့ပါတယ်။
ဦးကိုနီရဲ့ ဇနီးဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေ ဦးခင်မောင်ဌေးနဲ့ ဦးကိုနီကို လုပ်ကြံတဲ့ လူသတ်သမား ကြည်လင်း ကို ဖမ်းဆီးစဉ် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ အငှားယာဉ်မောင်း ကိုနေဝင်းဘက်က လိုက်ပါဆောင်ရွက် တဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်တို့က သူတို့ နှစ်ဦးရဲ့ ပြစ်ဒဏ်ကို တိုးမြှင့်ပေးဖို့ ပြည်ထောင်စု တရားလွှတ်တော် ချုပ်မှာ လျှောက်ထားခဲ့ပါတယ်။
ဦးကိုနီကို လုပ်ကြံတဲ့ တရားခံ သေနတ်သမား ကြည်လင်းနဲ့ အောင်ဝင်းဇော်ကို မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့၊ ဇေယျာဖြိုးကို ထောင် ၅ နှစ်နဲ့ အောင်ဝင်းထွန်းကို ထောင်ဒဏ် ၃ နှစ်ကျခံဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။ အမှုမှာ ပါဝင်ပတ်သက်တဲ့ တရားခံပြေး အောင်ဝင်းခိုင်ကတော့ နေပြည်တော်က ပရဆေးဥယျာဉ်နားမှာ ပျောက်ဆုံးသွားခဲ့ပြီး ဒီနေ့အချိန်အထိ လွတ်မြောက်နေဆဲပါ။
အသတ်ခံရတဲ့ အငှားယာဉ်မောင်း ကိုနေဝင်းရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ဇေယျာဖြိုးကို ပြစ်ဒဏ်တိုးပေး ဖို့ တင်ပြခဲ့တယ်လို့ ပြောပါတယ်။
သေဒဏ်ချမှတ်ခံထားရတဲ့ အောင်ဝင်းဇော်ကို ကူညီခဲ့တဲ့ အစ်ကိုဖြစ်သူ အောင်ဝင်းထွန်းကို ချမှတ်ထားတဲ့ ပြစ်ဒဏ် ထောင်ဒဏ် ၃ နှစ်က နည်းနေတဲ့အတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်တိုးမြင့်ပေးဖို့လည်း တင်ပြခဲ့တယ်လို့ သူက ပြောပါတယ်။
ဇေယျာဖြိုးကို မူလက သေဒဏ်ချမှတ်ခံရနိုင်တဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မအရ လူသတ်မှုကို ပူးပေါင်းအားပေး ကြံစည်သူလို့ တရားရုံးမှာ စွဲချက်တင်ထားခဲ့ပေမယ့် တကယ်တမ်း အမိန့်ချမှတ်တဲ့အခါ ငွေပေးစေခိုင်းတယ် ဆိုတာကို တရားလိုဘက်က သက်သေမပြနိုင်တဲ့အတွက်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၂၀၁ နဲ့သာ ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးက အမိန့်ချခဲ့ပါတယ်။
ရာဇသတ်ကြီးပုဒ်မ ၂၀၁ အရဆိုရင် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဥပဒေ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
လွတ်လပ်သောရှေ့နေများအသင်းက သေနတ်သမား ကြည်လင်းနဲ့ ခိုင်းစေသူ အောင်ဝင်းဇော် တို့ကို သေဒဏ် ချမှတ်ခဲ့တဲ့အပေါ်မှာ ကြိုဆိုပေမယ့် ဦးကိုနီ လုပ်ကြံခံရမှုမှာ အရေးပါတဲ့ ဇေယျာဖြိုးကို ထောင်ဒဏ် ၅ နှစ် သာချမှတ်ခဲ့တဲ့အပေါ် ဝေဖန်ပြောဆိုတာတွေရှိခဲ့ပါတယ်။
ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဥပဒေအရာရှိက တရားလိုဘက်က တင်ပြချက်အတိုင်း ပြစ်ဒဏ်တိုးမြှင့်သင့် ကြောင်း ဒီနေ့ တရား လွှတ်တော်ချုပ်မှာ တင်ပြခဲ့တယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တရားသူကြီး နှစ်ဦးက အမှုအယူခံကို ကြားနာခဲ့တာဖြစ်ပြီး ဘယ်နေ့မှာ အမိန့်ချမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
တချိန်တည်းမှာ တရားခံတွေဘက်ကလည်း အယူခံဝင်ခဲ့ကြပါတယ်။
ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ရဲ့ ရှေ့နေတွေကတော့ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ ပါဝင်ကြောင်း သက်သေ မပြနိုင်တဲ့အတွက် တရားသေလွှတ်ပေးဖို့ ဒီနေ့ တရားခွင်မှာ လျှောက်ထားခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ တရားခံ ရှေ့နေတွေကိုတော့ မေးမြန်းခွင့် မရခဲ့ပါဘူး။
တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်က သူ့ကိုလည်း ဦးကိုနီလိုပဲ နေ့စဉ် ဖုန်းနဲ့ ခြိမ်းခြောက်ပြောဆိုမူတွေ ရှိတဲ့အတွက် ဒီနေ့ ရုံးချိန်းမှာ ပြဿနာ တစ်စုံတစ်ရာမဖြစ်ဖို့ ရဲတပ်ဖွဲ့ထံက လုံခြုံရေးအကူအညီတောင်းခဲ့ ရတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
NLD ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တက်ကြွစွာ ဟောပြောခဲ့သူဖြစ်ပြီး မကွယ်လွန်ခင်အချိန်မှာ ခြိမ်းခြောက်ပြောဆိုမူတွေကို ပြင် ပြင်းထန်ထန် ခံခဲ့ရသူပါ။
သူဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့ လူမြင်ကွင်းမှာပဲ အနီးကပ် သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရပါတယ်။
ဒီအမှုကို တရားရုံးက ၂ နှစ်ကျော်ကြာအောင် စစ်ဆေးခဲ့စဉ် တရားလို၊ တရားခံပြသက်သေ ၂၀၀ ကျော်ကို စစ်ဆေးခဲ့ပြီး ၂၀၁၉ ခုနှစ် ဖေဖဝါရီလ ၁၅ ရက်နေ့က အပြီးသတ်အမိန့်ချခဲ့ပါတယ်။